တရုတ်နိုင်ငံ၏နာမည်အကျော်ကြားဆုံး မိုဘိုင်းဖုန်းနှင့်ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးကိုတည်ထောင်ခဲ့သူ ရန်ကျန်းဖေးက ကုမ္ပဏီသည် ဖောက်သည်များနှင့် ဆက်သွယ်ရေးကွန်ရက်များ၏ လျှို့ဝှက်ချက်များကို မည်သည့်အခါမျှ ဖွင့်ချမည်မဟုတ်ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
ဟွာဝေးကုမ္ပဏီကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီက ထိန်းချုပ်နေပြီး တရုတ်အစိုးရအတွက် ထောက်လှမ်းရေးပြုလုပ်ပေးနေရကြောင်း ပြောဆိုမှုများရှိနေသည့်အတွက် စစ်တပ်အင်ဂျင်နီယာဟောင်း ရန်ကျန်းဖေးသည် ဟွာဝေးကုမ္ပဏီရုံးချုပ်သို့ သတင်းထောက်များကို ဖိတ်ခေါ်ပြီး ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟွာဝေးသည် တရုတ်၏ကမ္ဘာလုံးဆိုင်ရာနည်းပညာတံဆိပ်တစ်ခုဖြစ်ပြီး လုံခြုံရေးဆိ်ုင်ရာစိုးရိမ်စရာများရှိသောကြောင့်ဟု အကြောင်းပြပြီး အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ဂျပန်နှင့် နိုင်ငံတချို့က ဟွာဝေးထုတ်နည်းပညာများအသုံးပြုမှုကိုကန့်သတ်ရန် စီစဉ်နေကြသည်။
ဆက်သွယ်ရေးနည်းပညာဝယ်ယူသည့် နိုင်ငံခြားအရင်းအမြစ်တစ်ခု၏ လျှို့ဝှက်သတင်းအချက်အလက်များကို တရုတ်အစိုးရကတောင်းဆိုလာပါက ပေးအပ်မည်မပေးအပ်မည်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ရန်က ပေးအပ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် တစ်စုံတစ်ဦးနှင့်ပတ်သက်၍ မလျော်ကန်သည့်သတင်းအချက်အလက်များကိုထုတ်ပေးရန် အစိုးရကလည်း တောင်းဆိုခြင်းမပြုခဲ့ကြောင်း ရန်ကပြောဆိုခဲ့သည်။
တောင်းဆိုလာပါက တရားရုံးမှတစ်ဆင့် ရင်ဆိုင်မည်မဆိုင်မည်နှင့်ပတ်သက်၍ ဆက်လက်မေးမြန်းရာ တရားစွဲဆိုရန်မှာ တရုတ်အာဏာပိုင်များနှင့်သာသက်ဆိုင်ကြောင်း ၎င်းက ဖြေဆိုခဲ့သည်။
ဖိုက်ဂျီနည်းပညာဖြန့်ကျက်ရန်ပြင်ဆင်မှုတွင် ၎င်းတို့ထုတ်နည်းပညာပစ္စည်းများကိုအသုံးပြုလာရေးအတွက် ဟွာဝေးက အပြင်းအထန် ကြိုးပမ်းနေသည်။
ဆေးကုသရာတွင်သုံးသည့် ကိရိယာများ၊ မောင်းသူမဲ့မော်တော်ယာဉ်များနှင့် အခြားနည်းပညာပစ္စည်းများအတွက် ဖိုက်ဂျီကွန်ရက်ကိုအသုံးပြုရန်စီစဉ်နေကြခြင်းဖြစ်သည်။
ယင်းကြောင့် လုံခြုံရေးအားနည်းပြီး အစိုးရများက ပါဝင်စွက်ဖက်လာပါက ကွန်ရက်၏လုံခြုံရေးထိခိုက်လာမည်ကို စိုးရိမ်မှုများရှိလာခဲ့သည်။
ရန်သည် ဒီဇင်ဘာ ၁ ရက်တွင် ကနေဒါ၌ အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုချိုးဖောက်မှုဖြင့် အဖမ်းခံခဲ့ရသည့် ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုး၏ဖခင်ဖြစ်သည်။
မန်၏အမှုကို ရုံးတော်က စစ်ဆေးနေဆဲဖြစ်သောကြောင့် တစ်စုံတစ်ရာပြောဆိုရန်မရှိပါကြောင်း၊ မန်ကို သက်ညှာစွာဆက်ဆံခဲ့သည့် ကနေဒါတရားရေးဝန်ထမ်းများကိုကျေးဇူးတင်ကြောင်း ရန်က ပြောဆိုခဲ့သည်။

















