မက္ကဆီကိုသမ္မတဟောင်း ပီညာနစ်တိုသည် မူးယစ်ရာဇာ အယ်ချာပို ဂတ်ဇ်မန်းထံမှ ဒေါ်လာသန်း ၁၀ဝ လာဘ်ယူခဲ့သည်ဟု နယူးယောက်တရားရုံးတွင် သက်သေတစ်ဦးက ထွက်ဆိုထားသည်။
ထွက်ဆိုသူမှာ ဂတ်ဇ်မန်းထံတွင် နှစ်ရှည် လက်ထောက်လုပ်ခဲ့သူ အဲလက်စ် စီဖူရန်တက်စ် ဖြစ်သည်။ လာဘ်ယူမှုအကြောင်းကို ၂၀၁၆ ခုနှစ်ကတည်းက သက်ဆိုင်ရာကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တရားရုံးတွင် မစ္စတာစီဖူရန်တက်စ်က ထွက်ဆိုခဲ့သည်။
ဂတ်ဇ်မန်းသည် အမေရိကန်သို့ မူးယစ်ဆေးဝါးများခိုးသွင်းနေသည့် မက္ကဆီကိုအခြေစိုက် ဆီနာလိုရာ မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး မက္ကဆီကိုတွင် ဖမ်းဆီးခံရကာအမေရိကန်သို့ လွှဲပြောင်းရုံးတင် စစ်ဆေးခံရလျက်ရှိသည်။
မစ္စတာပီညာ နစ်တိုသည် မက္ကဆီကိုသမ္မတအဖြစ် ၂၀၁၂ မှ ၂၀၁၈ အထိထမ်းဆောင်ခဲ့သည်။ အသက် ၆၁ နှစ်အရွယ် မစ္စတာဂတ်ဇ်မန်းကိုနယူးယောက်မြို့ ဘရွတ်ကလင်းတရားရုံးတွင် မူးယစ်မှောင်ခိုကုန်ကူးမှု စွဲချက် အများအပြားဖြင့် စစ်ဆေးလျက်ရှိသည်။
မစ္စတာစီဖူရန်တက်စ်၏ ထွက်ဆိုချက်အရသမ္မတပီညာနစ်တိုသည် ဒေါ်လာသန်း ၂၅၀ ထိလာဘ်ငွေ တောင်းခံခဲ့ပြီးဒေါ်လာသန်း၁၀ဝ နှင့် ဈေးတည့်သွားခြင်းဖြစ်ကြောင်းသိရသည်။ ဒေါ်လာသန်း ၁၀ဝ ကို ၂၀၁၂ အောက်တိုဘာတွင် မက္ကဆီကိုစီးတီးသို့ ပို့ပေးခဲ့ရကြောင်းမစ္စတာစီဖူရန်တက်စ်က ထွက်ဆိုထားသည်။
စီဖူရန်တက်စ်သည် အယ်ချာပို၏ ညာလက်ရုံးလည်းဖြစ်ပြီးမက္ကဆီကိုတွင် ၂၀၁၃ က ဖမ်းဆီးခံရကာအမေရိကန်သို့ လွှဲပြောင်း ရုံးတင်စစ်ဆေးခံရလျက်ရှိသည်။

















