မြဝတီမြို့နယ်တွင် နေအိမ်တစ်ခု၌ ညအိပ်တည်းခိုသူက သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါနေ့ နံနက် ၁ နာရီအချိန်က မြဝတီမြို့မြို့ပတ်လမ်းနေ အသက် ၄၃နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ၎င်းနေအိမ်၌ ရှိနေစဉ် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇာတိရွာမှ အစ်ကိုဖြစ်သူ၏ မိတ်ဆွေဆိုသူနှစ်ဦး ရောက်လာခဲ့သည်ဟု ဆိုသည်။ ၄င်းတို့စားသောက်ရန်အတွက် အသုပ်ဝယ်ရန် အပြင်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
အဆိုပါနှစ်ဦးထဲမှတစ်ဦးကို ၎င်း၏ ဇနီးဖြစ်သူကတွေ့ရှိခေါ်ဆောင်သွားသဖြင့် ကျန်ရစ်နေသူ နိုင်ဟံသိန်း (၅၀ နှစ်)က နေအိမ်သို့ ပြန်ပါလာခဲ့သည်။
နေအိမ်တွင် မိမိတစ်ဦးတည်းရှိနေသဖြင့် တည်းခိုရန်မသင့်ကြောင်းပြောဆိုသော်လည်း အပြင်သို့သွား ရောက်ခြင်းမရှိဘဲနေအိမ်တွင်ရှိနေသောကြောင့် စောင်နှင့်ခေါင်းအုံးပေးကာ နေအိမ်အောက်ထပ်တွင် အိပ်ခိုင်းခဲ့ပြီး တိုင်ကြားသူ အမျိုးသမီးက နေအိမ်အပေါ်ထပ်တွင် တံခါးလော့ချကာ အိပ်ခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် မိမိအိပ်ခန်းတံခါးကို ခေါက်သံကြားရသည် ဟု ဆိုသည်။
ထို့နောက် နိုင်ဟံသိန်းက ပြန်တော့မည်ဖြစ်သဖြင့် နေအိမ်အောက်ထပ်တံခါးပိတ်ရန်ပြောသဖြင့် တံခါးဖွင့်ကြည့်စဉ် အိပ်ခန်းအတွင်း ဝင်ရောက်ကာ သားမယားပြုကျင့်ခဲ့ပြီး နေအိမ်မှထွက်သွား ခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မြဝတီမြို့မရဲစခန်းက (ပ) ၆၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ နိုင်ဟံသိန်းကို ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

















