သေနတ်ကိုင်၍ စတိုးဆိုင်သို့ဝင်ရောက်လုယက်ခဲ့သူနှစ်ဦးအား ညတွင်းချင်း ဖမ်းမိ

သေနတ်ကိုင်၍ စတိုးဆိုင်သို့ဝင်ရောက်လုယက်ခဲ့သူနှစ်ဦးအား ညတွင်းချင်း ဖမ်းမိ

ကျိုက်ထိုမြို့နယ်တွင် AK-47 သေနတ်ကိုင်ဆောင်ပြီး စတိုးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်လုယက်သူ တပ်ပြေးနှစ်ဦးကို သက်ဆိုင်ရာက ဇန်နဝါရီ ၁၅ ရက်နေ့၌  ညတွင်းချင်း ဖမ်းဆီးရမိခဲ့သည်။ 

ဖြစ်စဉ်မှာ အဆိုပါနေ့ ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ ၂၄ နာရီ ဖွင့်လှစ်ရောင်းချသည့် One Stop Mart စတိုးဆိုင်အတွင်းသို့ AK-47 သေနတ်ကိုင် ဆောင်ထားသည့် လူငယ်နှစ်ဦးဝင်ရောက်လာကာ အရောင်းတာဝန်ခံထံမှ ကျပ်သုံးသိန်း တောင်းခံခဲ့သည်။ 
အရောင်းတာဝန်ခံက ငွေသုံးသိန်းမရှိကြောင်းပြောရာ ၄င်းလူငယ်နှစ်ဦးက အရောင်းကောင်တာတွင်းမှ ဈေးရောင်းရငွေ များကိုနှိုက်ယူခဲ့ပြီး ရပ်ထားသည့် ဆိုင်ကယ်သော့ တောင်းခဲ့သည်။ 
အရောင်းတာဝန်ခံက ဆိုင်ကယ်သော့ မရှိကြောင်း ပြောနေစဉ် ဆိုင်တွင်းသို့ ဈေးဝယ်ရန်ဝင်ရောက်လာသည့် အမျိုးသားထံမှ ဆိုင်ကယ်သော့ကို တောင်း၍ ဈေးဝယ်သူ၏ဆိုင်ကယ်အား မောင်းယူထွက်ပြေးခဲ့သောကြောင့် အရေးယူပေးရန် ကျိုက်ထိုရဲစခန်းသို့ တိုင်ကြားခဲ့သည်။ 
ကျိုက်ထိုရဲစခန်းက(ပ)၄၃/၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေခဲ့သည်။ထိုသို့ရှာဖွေရာ ကျိုက်ထို - ကင်မွန်းချောင်သွားကားလမ်းဘေး ကျွဲကောခြံအနီးတွင် ဆိုင်ကယ်အရှိန်ပြင်းစွာ မောင်းနှင် သွားသည့် မသင်္ကာဖွယ်လူနှစ်ဦးကို တွေ့ရှိခဲ့သည်။ထို့ကြောင့် ပူးပေါင်းအဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ ကင်မွန်းချောင် ကျေးရွာ အနီး ဦးစိုးဝင်း ဇရပ်တွင် ဖမ်းဆီးရမိခဲ့သည်။ 
မသင်္ကာဖွယ်တွေ့ရှိသူနှစ်ဦးသည် ဗိုလ်တထောင်မြို့နယ် ရေတပ်ဗျူဟာစစ်ရေယာဉ်စုမှ တပ်သား ရဲထက်(၂၃ နှစ်)နှင့် အထူးပညာသည် (ပစ်ခတ်မှု) အောင်ကိုကိုဦး ၂ဝ နှစ်တို့ဖြစ်ကြသည်။

သက်ဆိုင်ရာ၏ စစ်ဆေးချက်များအရ ၄င်းတို့ နှစ်ဦးသည် ၂၀၁၈ ခုနှစ် ဇူလိုင်လဆန်းတွင် တာဝန်ထမ်းဆောင်သည့် ရေတပ်မှထွက်ပြေးလာသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရဲတပ်ဖွဲ့က ၄င်းတို့ နှစ်ဦး အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ကျောပိုးထားသည့် ပြောက်ကျား ကျောပိုးအိတ်၊ ၎င်းတို့ဝတ်ဆင်ခဲ့သည့်အဝတ်အစားများ၊ ONE Stop Mart အရောင်းဆိုင်မှ လုယက်ယူဆောင်သွားသည့် မြန်မာငွေရောရာ ကျပ်၂၂၃၆ဝဝ ၊ AK-47 ကျည် (၄၀)တောင့်၊ ကျည်အိမ်တစ်ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။ 
ဆက်လက်စစ်ဆေးချက်များအရ ဖမ်းဆီးရမိသည့် ဇရပ်နောက်ကျောဘက် အုတ်ရိုး ဘေးတွင် ပြစ်မှု ကျူးလွန်စဉ်ကယူဆောင်သွားခဲ့သည့်ဆိုင်ကယ် Honda NCX Wave ဌက်ခါးရောင်ဆိုင်ကယ် ၊ AK-47သေနတ်တစ်လက်ကိုသစ်သားချောင်း/ထင်းချောင်းများဖြင့်ဖုံးအုပ်သိမ်းထားသည်ကိုတွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။ 
အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် AK-47 သေနတ်ကို ဟောင်သရောမြစ်အနီး အမည်မသိ လူမြင် လျှင်မှတ်မိသူတစ်ဦးထံမှ ငွေကျပ် ၅ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်းပြောပြသိရသဖြင့် ၄င်းတို့ နှစ်ဦးကို ဆက်လက် အမှုဖွင့်အရေးယူထားသည်။