ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက် စားမှုကြောင့် ကမ်းပါးပြိုကျလာသဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် ကမ်းစပ်ရှိလူ နေအိမ်များကို ဖြိုဖျက်၍ ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ပြောင်းရွှေ့
"ဒီကနေ့ နံနက် ၅ နာရီလောက်က ပြိုကျတာပါ၊ ပန်းလှိုင်မြစ်ရေတိုက်စားလို့ ပြိုကျတာပါ။ လူနေအိမ်တွေ ဘေးလွတ်ရာကို ဖြိုဖျက်ပြောင်းရွှေ့နေပါတယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြောင်းရွှေ့ပေးနေကြပါတယ်။ စုစုပေါင်းနေအိမ်ခြောက် လုံးကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတာပါ။ အရင်တုန်းကလည်း ဒီနေရာမှာကမ်းပါးပြိုကျလို့ ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရတာရှိပါတယ်" ဟု ညောင်တုန်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောဆိုသည်။
ပန်းလှိုင်မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျခြင်းကြောင့် ဆားမလောက်ကျေးရွာ ဂန္ဓမာလမ်းရှိ လူနေအိမ်ခြောက်လုံးကို ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များဝိုင်းဝန်း ပူးပေါင်း၍ ဘေးလွတ်ရာသို့ဖြိုဖျက်ပြောင်းရွှေ့ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြေ ၁၀ဝ ရှိ
ယင်းဒေသတွင်နေထိုင်သည့် ပြည်သူများသည် ရေလုပ်ငန်း၊ အရောင်းအဝယ်၊ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကမ်းစပ်တွင်အိမ်ခြေ ၁၀ဝ ခန့်ရှိကြောင်း သိရသည်။
"ကားလမ်းနီးလို့ တချို့က အရောင်းအဝယ်လုပ်ပါတယ်။ တချို့က ရေလုပ်ငန်းကို လုပ်ပါ တယ်။ စိုက်ပျိုးရေးနဲ့ လုပ်စားတဲ့သူတွေလည်း ရှိပါတယ်။ တစ်ရက်လုပ်တစ်ရက်စားသမားတွေက ပိုများပါတယ်။ အခြားနေရာတွေ မကြာခဏပြိုတာတွေ့ရတယ်။ ကျွန်တော်တို့ နေရာကတော့ အခုမှဖြစ်တာပါ။ ကမ်းစပ်မှာက ရေလုပ်ငန်းလုပ်ရတာ ပိုအဆင်ပြေလို့ နေတာပါ။ အခုတော့ ဘေးလွတ်ရာကိုလူကြီးတွေရဲ့ အစီအစဉ်နဲ့ပြောင်းရွှေ့လိုက်တာပါ"ဟု ဆားမလောက်ကျေးရွာ ဒေသခံ ကိုကျော်နိုင်က ပြောဆိုသည်။
ယင်းဒေသတွင် ၂၀၁၇-–၂၀၁၈ ခုနှစ်က ပန်းလှိုင်မြစ်ရေတိုက်စားခြင်းကြောင့် နေအိမ်အလုံး ၄၀ ခန့် ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရပြီး ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများအတွက် အစိုးရက မြေနှစ် ဧကဝယ်ယူကာ အကွက်ရိုက်၍ အိမ်ဆောက်စီစဉ်ပေးခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ထံမှ သိရသည်။
















