ကင်ညာနို်င်ငံမြို့တော် နို်င်ရိုဘီရှိ ဒူးဆစ်ဒီတူးဟိုတယ်စုအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် အစ္စလာမ္မစ်အစွန်းရောက် သမားအားလုံးကို သုတ်သင််နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အပြစ်မဲ့သူ ၁၄ ဦးလည်း သေဆုံးခဲ့ရကြောင်း ကင်ညာသမ္မတ အူဟူရူကန်ယက်တားက ဇန်နဝါရီ ၁၆ ရက်၌ ရုပ်သံမှ ပြောဆိုခဲ့သည်။
အကြမ်းဖက်သမားမည်မျှဟု ဖော်ညွန်းခြင်းမရှိဘဲ စစ်ဆင်ရေးအတွင်း ယင်းနေရာမှ စွန့်ခွာခဲ့သည့် လူ ၇၀၀ ကျော်ကို အလုပ်ခွင်သို့ ဘေးကင်းစွာပြန်ပို့ပေးနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
စီစီတီဗွီမှတ်တမ်းများအရ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းမှစတင်ခဲ့သည့် ယင်းတိုက်ခို်က်မှုတွင် အဲလ်ရှာဘက်အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံးလေးဦး ပါဝင်ခဲ့သည်။
သွေးလှူဒါန်းကြရန် ကင်ညာဆေးရုံများက မေတ္တာရပ်ခံခဲ့ပြီး ဒဏ်ရာရသူအရေအတွက် မသဲကွဲသေးပေ။ ယခုတိုက်ခိုက်မှုသည် ဆိုမာလီရှိ အဲလ်ရှာဘက်တို့ကို ကူညီတိုက်ခို်က်ရန် စေလွှတ်ခဲ့သည့် ကင်ညာတပ်စခန်းကို အယ်ခိုင်ဒါ သစ္စာခံ အဲလ်ရှာဘက်တို့က တိုက်ခိုက်ခဲ့သည့် သုံးနှစ်မြောက်နှစ်ပတ်လည်နေ့ပြီးနောက်တစ်ရက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကင်ညာ၌လည်း အဲလ်ရှာဘတ်တို့က တိုက်ခိုက်သတ်ဖြတ်မှုများ အများအပြားကျူးလွန်ခဲ့ရာ ၂၀၁၅ ခုနှစ်က ၁၄၇ ဦး သေဆုံးခဲ့သည့် ဂါရီဆာ တက္ကသိုလ်တိုက်ခိုက်မှုသည် အသေအပျောက်အများဆုံးဖြစ်သည်။
သမ္မတထရမ့်လက်ထက်၌ ဆိုမာလီရှိ အဲလ်ခိုင်ဒါစခန်းများကို အမေရိကန်ကတိုးမြှင့်တိုက်ခိုက်ခဲ့သော်လည်း ယခုဖြစ်ရပ်က အဲလ်ရှာဘက်တို့အနေဖြင့် သွေးထွက်သံယိုဖြစ်အောင် ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း နောက်ဆုံး သက်သေပြမှုတစ်ရပ်ဖြစ်သည်။

















