မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် လုယက်မှုကျူးလွန်တိမ်းရှောင်နေသူ တရားခံပြေးတစ်ဦးကို ဖမ်း ဆီးစစ်ဆေးခဲ့ရာက လက်ကိုင်ဖုန်းလုယက်မှု (၁၈) မှု ပေါ်ပေါက်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က သိရသည်။
ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ထောက်ကြန့်ရဲစခန်းမှ တရားခံပြေးအဖြစ်စုံစမ်းနေသူ မင်္ဂလာဒုံမြို့နယ် ခလောက်ခွန်ဒိုင်ရပ်ကွက်၊ နေ မောင်မောင်ထွေး (ခ)ဟာမစ်(ခ) ဟန်မြင့်(ခ)ခွေးပု(၂၆)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ ယမန်နှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများအတွင်းက မင်္ဂလာဒုံမြို့နယ်အတွင်းနှင့် ရန်ကုန်-ပြည်လမ်းပေါ်တို့တွင် လမ်းလျှောက်စကားပြောနေသူ၊ စက်ဘီး စီးနှင်းသူများ၏ ခါးကြားအတွင်းထိုးထားသည့် လက်ကိုင်ဖုန်း မျိုးစုံ ( ၁၈)လုံး ကို လုယူထွက်ပြေးခဲ့ ကြောင်းပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ၄င်းလုယူရရှိခဲ့သည့် လက်ကိုင်ဖုန်းများကို ပေါင်နှံ၊ ရောင်းချထားသည့်နေရာ များမှသိမ်းဆည်းကာ သက်ဆိုင်ရာက ဆက်လက်အမှုဖွင့်အရေးယူထားသည်။

















