ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

ရေဆန်ကို လှော်ခတ်ခြင်း (ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ဘဝမှတ်တမ်း)

(ယခင်တစ်ပတ်မှအဆက်)

တရားခံအပေါ် စွဲဆိုထားသောအမှုမှာ တစ်မြို့နယ်မှအခြားတစ်မြို့နယ်သို့ ကျွဲနွားများကို သယ်ယူပို့ဆောင်ရာတွင် သက်ဆိုင်ရာ မြို့ပိုင်ရုံးက ထုတ်ပေးသော ကျွဲနွားသယ်ဆောင်ခွင့် အမိန့်ရမှသာ သယ်ဆောင်ရန်နှင့် ခွင့်ပြုမိန့်မပါဘဲ သယ်ဆောင်သည်ကို ဖမ်းဆီးရမိပါက အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၈ (၃) အရ ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်းနှင့် သက်သေခံနွားများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း ခရိုင်ဝန်ကထုတ်ပြန်ထားသော အမိန့်ကို ဖောက်ဖျက်မှုဖြစ်ရာ တရားခံက ကျွဲနွားသယ်ဆောင်ခွင့်အမိန့်ကို တင်ပြခြင်းမပြုနိုင်ပါက တရားခံကို ပြစ်ဒဏ်စီရင်ရမည်သာဖြစ်သည်။ အမှုမှာပြစ်မှုထင်ရှားလျှင် အများဆုံး ထောင်ဒဏ် ခြောက်လအထိသာ ချမှတ်နိုင်သောအမှုဖြစ်ရာ တရားခံက ပြစ်မှုကိုဝန်မခံသဖြင့် တရားလိုပြသက်သေများနှင့်တရားခံပြ သက်သေများကို စစ်ဆေးခဲ့ရခြင်းဖြစ်သည်။

တရားခံအနေဖြင့် ရှေ့နေငှားရမ်းနိုင်သော အခြေအနေရှိပါလျက် ရှေ့နေမငှားဘဲ အမှုကိုရင်ဆိုင်ခဲ့ခြင်းမှာ ကျွဲနွားသယ်ဆောင်ခွင့်အမိန့်ကို မတင်ပြနိုင်လျှင် မည်သို့မျှထုချေ၍ရမည်မဟုတ်သောကြောင့် ရှေ့နေငှား၍မရခြင်းဖြစ်မည်ဟု ယူဆရသည်။ တရားခံပြသက်သေများကို စစ်ဆေးပြီးသောအခါ တရားခံကိုထောင်ဒဏ်ခြောက်လချမှတ်ပြီး သက်သေခံနွားများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့ပါသည်။ သက်သေခံနွားများကို ထိုစဉ်ကညွှန်ကြားချက်အတိုင်း မုဒုံမြို့ရှိ အစိုးရ စိုက်ပျိုးရေးခြံသို့ လွှဲပြောင်းပေးခဲ့သည်။

သတိရနေသည့် နောက်တစ်မှုမှာ ကျိုက်မရောမြို့၏ အဓိကရပ်ကွက်မှ အိမ်ခြေလေးရာကျော် မီးလောင်မှု ဖြစ်သည်။ ၁၉၆၅ ခုနှစ်၊ မေလအတွင်းတွင် ကျိုက်မရောဘုရားကြီးအနီးတစ်ဝိုက်ရှိ ရပ်ကွက်များကို မီးလောင်ခဲ့သည့်အကြောင်း ဤဆောင်းပါးရှေ့တစ်နေရာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ တရားခံမှာ ကျော်ထွန်းဆိုသူဖြစ်၏။ ညနေ ၃ နာရီခန့် ကျောင်းဆင်းချိန်တွင် ကျော်ထွန်း၏သမီးငယ်ဖြစ်သူ ပဥ္စမတန်းကျောင်းသူက ထမင်းကြော်စားရာမှ မီးစတင်လောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်ချိန်က နေအိမ်တွင်လူကြီးများ မရှိကြကြောင်း စသည့် အမှုအကြောင်းခြင်းရာအဖြစ်မှန်များကို မြို့လူထုကမီးလောင်စဉ်ကပင် သိရှိထားကြပြီးဖြစ်သည်။ မိမိအနေဖြင့်လည်း ယင်းသတင်းအချက်အလက်များကို သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ အစီရင်ခံစာများအရသိရှိထားပြီဖြစ်သည်။ အမှုစွဲတင်ပြီးနောက် တရားခံကျော်ထွန်းက အာမခံပေးရန် နှုတ်ဖြင့်လျှောက်ထားရာ''မင်းကိုတစ်မြို့လုံးက သတ်ချင်နေကြတာ မင်းကိုအာမခံပေးလိုက်ရင် မင်းပါဒုက္ခရောက်နိုင်တယ်'' ဟုပြောပြီးအချုပ်ဖြင့်ပင် စစ်ဆေးခဲ့သည့်အမှုဖြစ်သည်။ အဓိကတရားလိုပြသက်သေများမှာ တရားခံကျော်ထွန်း၏ အိမ်နီးချင်းများ၊ ရွာသူကြီးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှူးတို့ဖြစ်သည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဆိုသော်လည်း အရန်မီးသတ်တပ်ဖွဲ့မျှသာဖြစ်ပြီး တပ်ဖွဲ့ဝင်များမှာလည်း အားလုံး စေတနာ့ဝန်ထမ်းများသာဖြစ်သည်။ မီးသတ်တပ်ဖွဲ့တွင် ဂျပန်ပြည်လုပ် သုံးဘီးမီးသတ်ကားဟောင်းတစ်စီးတည်းသာရှိသည်။ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးမှာ ဦးမြအောင်ဆိုသူဖြစ်ပြီး အစိုးရအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာတစ်ဦးဖြစ်သည်။ အလွန်ပင်ရိုးသား၍ စိတ်ထားကောင်းမွန်သူဖြစ်သည်။ မိမိကျိုက်မရောမြို့ပိုင်အဖြစ် တာဝန်ယူစအချိန်တွင်ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျိုက်မရောမြို့ ရေပေးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာတွင် ၎င်းနှင့်စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ ကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ လူမှုရေး၊ ပညာရေးကိစ္စများတွင် ဦးဆောင်သူတစ်ဦးဖြစ်ပြီး ရပ်ရွာကိစ္စများတွင်လည်း ဦးဆောင်သူတစ်ဦးဖြစ်သည်။ မာန်မာနအလျင်းမရှိဘဲ ပကတိစိတ်ရင်းစေတနာဖြင့် ရပ်ရွာကိစ္စ၊ ကျောင်းကိစ္စများကို ရိုးသားစွာ ဆောင်ရွက်သူဖြစ်သည်။

တရားလိုပြသက်သေအဖြစ် ဆရာဦးမြအောင်ကအစစ်ခံရာတွင် စတင်မီးလောင်ပုံနှင့်စပ်လျဉ်း၍ အထက်ပါအတိုင်း ထွက်ဆိုသွားပြီးနောက် မီးသတ်ကားအတွက် ရေလုံလောက်စွာ မရရှိမှုကြောင့် မီးလောင်မှုမကြီးထွားခင် နိုင်အောင်မငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မော်လမြိုင်မှမီးသတ်ကားများရောက်ရှိလာမှသာ မီးကိုထိန်းနိုင်ကြောင်း၊ အိမ်ခြေမည်မျှပါသွား၍ ခန့်မှန်းတန်ဖိုးမည်မျှရှိကြောင်း ထွက်ဆိုသည်။ ထို့နောက် တရားခံက ရှေ့နေငှားနိုင်ခြင်းမရှိသဖြင့် သက်သေအား ဘာမေးချင်သလဲမေးပါဟုပြောရာ တရားခံကျော်ထွန်းက ''ဆရာတို့ကျွန်တော့်အိမ်ကို မီးငြိမ်းသတ်နေစဉ်မှာ ဆရာတို့အနားကို ငါးဖမ်းသွားရာမှအပြန် လုံချည်အောက်ပိုင်းရေစိုလျက် လှော်တက်တစ်ချောင်းထမ်းပြီး ကျွန်တော်ရောက်လာတာမဟုတ်လားဆရာ'' ဟု မေးရာ ဆရာဦးမြအောင်က မှန်ကြောင်း ဖြေဆိုပြီး ကျော်ထွန်းသမီး ထမင်းကြော်ရာမှ မီးစလောင်ချိန်တွင် လူကြီးများကိုမတွေ့ခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ရာဇဝတ်ပြစ်မှု၏ အခြေခံသဘောတရားမှာ မိမိပြုလုပ်ကျုးလွန်မှုအတွက်သာ ပြစ်ဒဏ်ခံရမည်ဖြစ် ကြောင်း၊ သူတစ်ပါး၏ပြုလုပ်မှုတွင် မိမိပါဝင်ပတ်သက်ခြင်းမရှိပါက ပြစ်ဒဏ်ချမှတ်ခွင့်မရှိကြောင်း...

နှစ်ဖက်သက်သေများကိုစစ်ဆေးပြီးပြီဖြစ်သဖြင့် စီရင်ချက် ချမှတ်ရန်သာ ရှိတော့သည်။ နှစ်ဖက်ရှေ့နေများလည်း မပါသဖြင့် လျှောက်လဲချက်နားထောင်ရန်လည်း မရှိ၊ ဥပဒေပြဿနာဖော်ထုတ်တင်ပြခြင်းလည်း မရှိချေ။အမှုဖြစ်စဉ်မှာလည်း ရိုးရှင်းပြီး မိမိအနေဖြင့် သက်သေထွက်ဆိုချက်များကို ပြန်ဖတ်ရန် မလိုလောက်အောင်ပင် မှတ်မိနေပေသည်။ ရှေ့နေများမပါသဖြင့် ဥပဒေပြဿနာများ ဖော်ထုတ်တင်ပြမှုမရှိသော်လည်း မိမိ၏ခေါင်းထဲသို့ ဥပဒေပြဿနာတစ်ရပ် ဝင်ရောက်လာခဲ့သည်။ မီးစတင်လောင်ကျွမ်းခြင်းမှာ အိမ်ထောင်ဦးစီး၏ ပေါ့လျော့မှုကြောင့် မဟုတ်လျှင် အိမ်ထောင်ဦးစီးကို အပြစ်ပေးနိုင်သလား၊ သို့မဟုတ် မီးလောင်ချိန်၌ အိမ်ထောင်ဦးစီးသည် နေအိမ်၌မရှိပါက အိမ်ထောင်ဦးစီးတွင် တာဝန်ရှိပါသလားဆိုသော ပြဿနာဖြစ်သည်။ ဤပြဿနာနှင့် စပ်လျဉ်း၍ စီရင်ထုံး ရှိ၊ မရှိ ရှာဖွေရန် ကျိုက်မရောမြို့နယ် ရာဇဝတ်တရားသူကြီးရုံးတွင် စီရင်ထုံးစာအုပ်ဆို၍ တစ်အုပ်တလေမျှ မတွေ့ရှိရပေ။ မိမိရောက်ရှိချိန်မှသာ သားရေဖုံးဖြင့် ချုပ်ထားသော စီရင်ထုံးစာအုပ်တစ်အုပ်၊ နှစ်အုပ်လောက်သာ ရှိသေးသည်။ တစ်ခုတည်းသော အားကိုးရန်စာအုပ်မှာ အိန္ဒိယ ဥပဒေပညာရှင် Rataneal Ranchhoddas နှင့်D.K. Thakore တို့ရေးသားပြုစုသော The Law of Crime ဆိုသော လေးလက်မလောက်ထူသော စာအုပ်ကြီးတစ်အုပ်ကားရှိပေသည်။ ယင်းစာအုပ်ကိုတော့ တရားရုံးတိုင်းလိုလိုမှာပင် တွေ့ရှိနိုင်သည်။

သို့ဖြင့် ယင်းစာအုပ်ကြီးပါ ပုဒ်မ ၂၈၅ နှင့်စပ်လျဉ်းသည့် ဝေဖန်သုံးသပ်ချက်များကို ဖတ်ရှုကြည့်ရာ တရားခံကျော်ထွန်းကံကောင်းချင်၍လားမသိ၊ မီးစတင်လောင်ချိန်၌ အိမ်ထောင်ဦးစီးသည် နေအိမ်၌မရှိပါက အိမ်ထောင်ဦးစီး ဖြစ်သူတရားခံမှာ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်မရှိသဖြင့် အပြစ်မပေးနိုင်ကြောင်း အိန္ဒိယတရားလွှတ်တော်များ၏ စီရင်ထုံးများကို ကိုးကား၍ရေးသားထားသည်ကိုတွေ့ရှိရသဖြင့် မိမိစစ်ဆေးနေသော အမှုအတွက်အဖြေရရှိသွားသည်။ မိမိအနေဖြင့် လူအများစိတ်ကျေနပ်စေရန်၊ သို့မဟုတ် လူအများ၏ ပြစ်တင်ဝေဖန်မှုကို မခံရစေရန် ယင်းအိန္ဒိယ စီရင်ထုံးများကို လျစ်လျူရှုပြီးတရားခံကို ထောင်ချမည်ဆိုလျှင်လည်း တောသူတောင်သားဖြစ်သူ တရားခံအနေဖြင့် မိမိအိမ်ကိုမီးလောင်လျှင် မိမိတွင်အပြစ်ရှိသည်ဆိုသော အသိကိုခံယူပြီး တစ်စုံတစ်ရာဆင်ခြေတက်မည်မဟုတ်ပေ။ သို့ရာတွင် အရာရာတိုင်းတွင် ဥပဒေအရသာ ဖြစ်ရပေမည်ဟူသော ခံယူချက်အရ တရားခံကျော်ထွန်းကို အမှုမှတရားသေလွှတ်ခဲ့သည်။ စီရင်ချက်ရေးသားရာ၌လည်း The Law of Crime ပါ စာပိုဒ်ကို ကူးယူ၍ ကိုးကားဖော်ပြခဲ့သည်။

တရားခံကျော်ထွန်းကို တရားသေလွှတ်မှုနှင့်ပတ်သက်၍ ကျိုက်မရောမြို့နေလူထုမှ မကျေနပ်သံ တစ်စုံတစ်ရာကို ကြားသိခဲ့ရခြင်းမရှိပေ။ မီးစတင်လောင်ကျွမ်းစဉ်က ၎င်းသည်နေအိမ်တွင်မရှိဘဲ ငါးဖမ်းသွားနေသည်ကိုလည်းကောင်း၊ ၎င်း၏သမီးငယ်က ကျောင်းမှအပြန် ထမင်းကြော်စားရာမှ မီးလောင်ခြင်းဖြစ်သည်ကိုလည်းကောင်း မြို့လူထုကသိထားပြီးသောကြောင့်ဖြစ်ပေမည်။ ကျော်ထွန်းကို တရားသေလွှတ်သည်ဆိုသော်လည်း အမှုစစ်ဆေးစဉ် အာမခံမပေးဘဲ စစ်ဆေးခဲ့သောကြောင့် ရဲအချုပ်တွင် သုံးလကျော်မျှနေထိုင်ခဲ့ရပြီးဖြစ်သည်။ နလကဥက္ကဌကတော့ ကျေနပ်ပုံမရ၊ ၎င်းအမှုနှင့်ပတ်သက်ပြီးစကားစပ်မိကြရာတွင် ''မြို့တစ်ဝက်လောက်မီးလာင်တာပဲဗျာ'' ဟု မကျေနပ်သံနှင့် ပြောသည်။ ရာဇဝတ်ပြစ်မှု၏အခြေခံသဘောတရားမှာ မိမိပြုလုပ်ကျုးလွန်မှုအတွက်သာ ပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်း၊ သူတစ်ပါး၏ ပြုလုပ်မှုတွင် မိမိပါဝင်ပတ်သက်ခြင်းမရှိပါက ပြစ်ဒဏ်ချမှတ်ခွင့်မရှိကြောင်း ရှင်းပြရသည်။ အလားတူအမှုမျိုးတွင် တရားခံကို တရားသေလွှတ်သည့်စီရင်ထုံးများလည်းရှိကြောင်း ပြောသောအခါတွင်မူ ဘာမျှပြန်မပြောတော့ချေ။ နှစ်ပတ်သုံးပတ်လောက်ကြာသောအခါ ခရိုင်ရာဇဝတ်တရားသူကြီး (ခရိုင်ဝန်)ထံမှ ကျော်ထွန်း၏အမှုကိုကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်မှု ဖွင့်သင့်၊ မသင့်စဉ်းစားရန် အမှုတွဲတောင်းခေါ်သည့်စာရောက်ရှိလာသဖြင့်ကျော်ထွန်း၏အမှုတွဲကို တင်ပို့ပေးခဲ့သည်။ တစ်လလောက်ကြာသောအခါ ပြင်ဆင်မှုဖွင့်လှစ်ခြင်းလည်း မရှိ၊ တစ်စုံတစ်ရာမှတ်ချက်ရေးခြင်းလည်းမရှိဘဲ အမှုတွဲပြန်ရောက်လာသည်။ မိမိ၏ ဆုံးဖြတ်ချက်ကို လက်ခံသည့်သဘောဖြစ်သည်။

အမှတ်တရဖြစ်စေသော နောက်တစ်မှုမှာ မီးလောင်မှုပင်ဖြစ်သည်။ အမှတ်တရဖြစ်ရသည်မှာလည်း တရားသူကြီးကိုယ်တိုင် တရားခံပြန်ဖြစ်သွားခဲ့သောကြောင့်ဖြစ်သည်။လမုခိုအမည်ရှိ ကျေးရွာတစ်ရွာတွင် တဲအိမ်တစ်လုံး၌တစ်ဦးတည်းနေထိုင်သော အဘွားအိုတစ်ဦး ထမင်းချက်ရာမှ တဲကို မီးလောင်သောအမှုဖြစ်သည်။ မီးလောင်စဉ်ရွာသားများဝိုင်းဝန်းငြိမ်းသတ်နိုင်သဖြင့် အခြားအိမ်များသို့ မီးမကူးဘဲ တဲတစ်လုံးတည်းကိုသာ မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။ အဘွားကြီးမှာ အသက် ၆ဝ အရွယ်ဖြစ်ပြီး အာမခံပေးမည်ဟုပြောသော်လည်း အာမခံမည့်သူမရှိ၍ အချုပ်တရားခံအဖြစ် စစ်ဆေးသောအမှုဖြစ်သည်။သို့သော် ကျိုက်မရောရဲစခန်းတွင် အမျိုးသမီးများကိုချုပ်ထားရန် သီးသန့်အချုပ်ခန်းမရှိသဖြင့် ရဲစခန်းမှူး၏အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်များနေထိုင်သော ရဲတန်းလျားရှိ ရဲတပ်သားတစ်ဦး၏အခန်းတွင်ထားရှိပြီး ကျွေးမွေးစောင့်ရှောက်ထားရကြောင်း စခန်းမှူး၏တင်ပြချက်အရ သိရှိရသည်။ လမုခိုကျေးရွာမှာလည်း ကရင်ကျေးရွာတစ်ရွာဖြစ်ပြီး သောင်းကျန်းသူနယ်မြေဖြစ်၍ ဆက်သွယ်ရေး ခက်ခဲသော ကျေးရွာဖြစ်သည်။ အမှုတွင် အမှုစစ်အရာရှိအပါအဝင် တရားလိုပြသက်သေ(၃)ဦးသာ ရှိသဖြင့် အမှုစတင်စစ်ဆေးသော ပထမနေ့၌ပင် တရားလိုဘက် သက်သေအားလုံးကို စစ်ဆေးပြီးစီးသွားသည်။ တရားခံအပေါ် ရာဇသတ်ပုဒ်မ ၂၈၅ အရ စွဲချက်တင်ပြီး အပြစ်ရှိ၊ မရှိမေးမြန်းသောအခါ တရားခံအဘွားကြီး နားမလည်သဖြင့် ရှင်းလင်းပြောပြပြီး မီးလောင်မှုဖြစ်ပွားပုံကိုမေးတော့မှ ၎င်းထမင်းချက်ရာမှ မီးလောင်ခြင်းဖြစ်သည်။ တဲတစ်လုံးလုံးမီးလောင်သွားပြီး အိမ်နီးချင်းများလာ၍ မီးသတ်သောကြောင့် အခြားအိမ်များကို ကူးစက်ခြင်းမရှိ၊ ၎င်းတွင်ရှိသမျှ ပစ္စည်းအားလုံး မီးလောင်သွားကြောင်း အမှုဖြစ်စဉ်ကိုပြောပြသဖြင့် တရားခံက ပြစ်မှုကို ဝန်ခံကြောင်း စွဲချက်ပုံစံတွင် ရေးမှတ်ပြီးခေတ္တနား၍ စီရင်ချက်ကို အကျဉ်းမျှသာရေးပြီး ထောင်ဒဏ်တစ်ရက်နှင့် ဒဏ်ငွေကျပ် ၅ဝ ပေးဆောင်စေရန် အမိန့်ချမှတ်သည်။

ကျန်အပိုင်းမှာ ရှေ့ဖတ်စာရေးကဆက်လုပ်မည်ဖြစ်၍ မိမိသည်တရားခွင်မှဆင်းပြီး ရုံးခန်းတွင် ပုံမှန်အလုပ်များကိုုလုပ်နေစဉ် ရဲစခန်းမှူးဝင်ရောက်လာပြီး ''ဆရာ ဒီအဘွားကြီးကို အမှုစစ်က ဖမ်းလာတုန်းကလည်း ပိုက်ဆံလည်းမပါ၊ အဝတ်လဲစရာလည်းမပါဘူးဆရာ၊ ထောင်ဒဏ်တစ်ပတ်၊ နှစ်ပတ်လောက်ချပြီး ဒဏ်ငွေမတပ်ရင် ကျွန်တော်တို့အချုပ်ပြ၊ ကျွေးမွေးထားပြီး ရက်စေ့တော့သူ့ရွာကို ပြန်ပို့ပေးပါ့မယ်'' ဟု ပြောသည်။ ရှေ့ဖက်စာရေးကတော့ သူ့ထုံးစံအတိုင်း နေ့စဉ်မှတ်တမ်းတွင် တရားခံဒဏ်ငွေမဆောင်သဖြင့် ထောင်ဒဏ် တစ်လကျခံရန် ထောင်ပို့ဝရမ်းကိုပါပြင်ဆင်၍ အမှုတွဲနှင့်တကွ တင်ပြလာသည်။ မိမိက စခန်းမှူးအား ''ကဲ – ဒီလိုဆို ခင်ဗျားပဲတာဝန်ယူပြီး ရွာကိုပြန်ပို့လိုက်တော့'' ဟု ပြောလိုက်ပါသည်။ တရားခံ၏ ရွာသို့ပြည်တွင်းရေကြောင်းသင်္ဘောဖြင့် တင်ပေးလိုက်ရမည်ဖြစ်ရာ ရဲစခန်းမှူးက တာဝန်ယူသွားသည်။ ထို့နောက် မိမိက ရှေ့ဖတ်စာရေးအား ''ကဲ-ဒီလိုလုပ်ကွာ၊ ရော့ ဒဏ်ငွေ ၅ဝ သွင်းလိုက်၊ တရားခံက ဒဏ်ငွေပေးဆောင်သည်ဆိုပြီး အမှုနေ့စဉ်မှတ်တမ်းကို ပြန်ပြင်ရေးပြီးတင်၊ ထောင်ချဝရမ်းကို ဆုတ်ဖြဲပစ်လိုက်တော့'' ဟုပြောပြီး မိမိအိတ်ထဲမှ ငွေ ၅ဝ ကျပ်ကိုထုတ်၍ ရှေ့ဖတ်စာရေးကိုပေးလိုက်သည်။

စခန်းမှူးပြောသည့်အတိုင်း စီရင်ချက်ကို ပြန်ပြင်လျှင် ဖြစ်နိုင်သော်လည်း အမိန့်ချမှတ်ပြီးစီရင်ချက်ကို ပြန်မပြင်ရဟူသော ဥပဒေကန့်သတ်ချက်ရှိသည်ဖြစ်၍ မပြင်လိုက်တော့ပေ။ ထို့ကြောင့် တရားသူကြီးက တရားခံပြန်ဖြစ်သွားသည်ဟု ရှေ့ပိုင်းတွင် ပြောခဲ့ခြင်းဖြစ်သည်။မြို့နယ်ရာဇဝတ်တရားသူကြီးအဖြစ် မိမိစစ်ဆေးခဲ့ရသော အမှုများမှာ ဒုတိယတန်းရာဇဝတ်တရားသူကြီး၏ အာဏာဖြင့် စစ်ဆေးသော အမှုများဖြစ်သောကြောင့် အမှုကြီးများမဟုတ်ပါ။ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သော အချို့အမှုများကို ဒုတိယတန်းအာဏာရ ရာဇဝတ်တရားသူကြီးက စစ်ဆေးရပါက ဒုတိယတန်း အာဏာရရာဇဝတ်တရားသူကြီးက ချမှတ်နိုင်သောအများဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ခြောက်လနှင့် ငွေဒဏ်ကျပ် ၂ဝဝ သာဖြစ်ရာအချို့အမှုများတွင် ပြစ်မှုနှင့် ပြစ်ဒဏ်မမျှတမှုရှိနိုင်ပါသည်။ မိမိသည် ၁၉၆၄ ခုနှစ်တွင် ဒုတိယတန်း ရာဇဝတ်အာဏာကိုရရှိခဲ့သဖြင့် လုပ်ထုံးလုပ်နည်းအရဆိုလျှင် တစ်နှစ်အတွင်း စစ်ဆေးခဲ့သော၊ တရားခံကပြစ်မှုကို ဝန်ခံခြင်းမရှိသည့် ထောင်ဒဏ်ခြောက်လအထက် ချမှတ်နိုင်သော အမှု ၆ မှုကို ခရိုင်ရာဇဝတ်တရားသူကြီးနှင့် စက်ရှင် တရားသူကြီးတို့မှတစ်ဆင့် တရားရေးဝန်ကြီးဌာနသို့တင်ပြပြီး ပထမတန်းရာဇဝတ်အာဏာတိုးမြ§င့်ပေးရန် တောင်းခံရမည်ဖြစ်သော်လည်း မိမိသည်အမှုမဲ့အမှတ်မဲ့သာနေခဲ့သည်။ မြို့ပိုင်၏ လုပ်ငန်းတာဝန်များအနက် တရားစီရင်ရေးလုပ်ငန်းထက် အခြားလုပ်ငန်းများတွင်သာ ပိုမိုအာရုံစိုက်၍လုပ်ကိုင်ခဲ့သည်ကို မိမိကိုယ်တိုင်ပင် သတိပြုမိခဲ့ခြင်း မရှိပေ။

(ဆက်လက်ဖော်ပြပါမည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021