ကမ္ဘာပေါ်တွင် ရှားပါးလာနေပြီဖြစ်သည့်ကြိုးကြာငှက်များ မင်းပြားနှင့်ပေါက်တောမြို့နယ်ကြား အင်းအိုင်၊ လယ်ကွင်းများ၌ ကျက်စား

ကမ္ဘာပေါ်တွင် ရှားပါးလာနေပြီဖြစ်သည့်ကြိုးကြာငှက်များ မင်းပြားနှင့်ပေါက်တောမြို့နယ်ကြား အင်းအိုင်၊ လယ်ကွင်းများ၌ ကျက်စား

ကမ္ဘာပေါ်တွင် အကောင်အရေအတွက် နည်းပါး လာနေပြီဖြစ်သည့် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် ကြိုးကြာငှက် များမှာ ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ကြားရှိ အင်းအိုင်၊ လယ်ကွင်းများတွင် ကျက်စားနေသည်ကို များပြားစွာတွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရသည်။

မျိုးသုဉ်းပျောက်ကွယ်

အဆိုပါ ကြိုးကြာငှက်များမှာ အချိန်မီထိန်းသိမ်းကာ ကွယ်ခြင်းမပြုပါက မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် မျိုးစိတ်စာရင်းထဲတွင်ပါဝင်နေသဖြင့် ဒေသခံများက ကာကွယ်စောင့်ရှောက်ထားကြောင်း သိရသည်။

"ဌာနက ဂရုတစိုက် ထိန်းသိမ်းတာမျိုး မဟုတ်ပါဘူး။ သဘာဝအတိုင်းပါ။ မင်းပြားမြို့နဲ့ ပေါက်တောမြို့ကြား မှာ ကြိုးကြာတော်တော်လေးရှိတယ်။ ဌာနကတော့ မသတ်ဖြတ်ကြဖို့ တားမြစ်ထားတယ်။ ပြီးတော့ သက်ကြီး ထဲမှာပါတော့ ကြိုးကြာကို မသတ်ဝံ့ကြပါဘူး။ စွန်ရဲ၊ ကြောင်လည်ချောင်းကနေ အခုဆို သိန်းတောင် (ကျေးရွာ)နားအထိ ရောက်တယ်။ အဲဒီငှက်ကိုသတ်ရင် လူတွေက ဖီကျတယ် (ဒုက္ခရောက်မယ်)ဆိုပြီး မသတ်ရဲကြတာမို့ ကျန်တာပါ"ဟု မင်းပြားမြို့နယ် သစ်တောဦးစီးဌာနမှ စာရေးဦးကျော်အောင်က ပြောဆိုသည်။

အဆိုပါ ကြိုးကြာငှက်များသည် မင်းပြားမြို့နယ်ရှိ စွန်ရဲကျေးရွာနှင့် ပေါက်တောမြို့နယ်ရှိ လက်မယာ ကျေးရွာတို့အနီးရှိ လယ်ကွင်းပြင်များ၊ ပုစွန်တာများနှင့် မြစ်ချောင်း၊ အင်းအိုင်များတွင် သဘာဝအတိုင်းနေထိုင် လေ့ရှိကြပြီး ဒေသခံများက အန္တရာယ်တစ်စုံတစ်ရာမပြု လုပ်ဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း သိရသည်။

"ကျွန်တော်တို့မျက်စိရှေ့မှာပဲ ကြိုးကြာတွေ ကြီးပြင်း သွားကြတယ်။ တိုးပွားနေကြတယ်။ အုပ်စုလိုက် အကောင် ၄၀၊ ၅၀ အထိ တစ်စုတည်း တွေ့လာရတယ်။ ခန့်မှန်းက ကောင်ရေ ၁၀ဝ ကျော်လောက် အနည်းဆုံးရှိမယ်။ နောက် တစ်သက်လုံး ဒီနေရာတွေမှာပဲ နေထိုင်သွားကြ တယ်။ သက်ကြီးထဲမှာပါတော့ ဘယ်သူမှ မသတ်စားကြ ပါဘူး"ဟု မင်းပြားမြို့နယ် စွန်ရဲကျေးရွာမှ ဦးစံသာ ကျော်က ပြောဆိုသည်။

သားပေါက်တတ်ကြ

ကြိုးကြာငှက်များ၏သက်တမ်းမှာ ခန့်မှန်း ၂၂ နှစ်မှ ၂၄ နှစ်အတွင်းရှိပြီး အရပ်အမြင့် ငါးပေနှင့် အထီးတစ် ကောင်၏ ကိုယ်ခန္ဓာအလေးချိန်မှာ ၁၇ ပေါင်ခန့်ရှိကာ ကြိုးကြာငှက်အမများသည် ပုံမှန်အားဖြင့် ဧပြီလနှင့် မေလတို့တွင် ဥတစ်လုံး၊ နှစ်လုံးခန့်ဥကာ သားပေါက် တတ်ကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး