တနင်္ဂနွေနေ့ညနေတိုင်း မကွေးမြို့လယ်၊ ဗိုလ်ချုပ်ပန်းခြံထဲက အဝါရောင် ဆေးသားထင်းနေအောင်သုတ်ထားတဲ့ လျှောစီးစင်ကြီးအောက်မှာစာအုပ်တွေ အပုံလိုက် ရှိနေတတ်ပါတယ်။ လူငယ်တစ်စုဟာ အဲဒီစာအုပ်ပုံကြီး ဘေးပတ်ပတ်လည်မှာ ထိုင်နေပြီး တစ်ယောက်ကိုစာအုပ်တစ်အုပ်ကိုယ်စီနဲ့ စိတ်ဝင်တစား စာဖတ်နေကြပါတယ်။
ဒါဟာ တနင်္ဂနွေနေ့ညနေတိုင်း ဗိုလ်ချုပ်ပန်းခြံမှာ မြင်တွေ့ရတဲ့မြင်ကွင်းတစ်ခုပါ။ စာဖတ်ဝိုင်းလို့ ပြောရင်မမှားပါဘူး။ ဒီထက်စာကြည့်တိုက်လို့ သမုတ်ရင် ပိုပြီး တိကျမှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့သူကတော့ သမားရိုးကျ စာကြည့်တိုက်တွေလို စာအုပ်စင်တွေ၊ စာကြည့်စားပွဲတွေနဲ့ အဆောက်အအုံ ထီးထီးကြီးအသွင်နဲ့ ရှိမနေပါဘူး။
ဘာကြောင့်လဲဆိုတော့ မကွေးမြို့က စာပေကို ချစ်မြတ်နိုးတဲ့လူငယ်တစ်စု ကိုယ်ထူကိုယ်ထ၊ ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံကိုယ်စိုက်ထုတ်ပြီး တည်ထောင်၊ မတည်လိုက်ကြတဲ့ မကွေးမြို့ရဲ့ ပထမဆုံး ရွေ့လျား စာကြည့်တိုက်မို့လို့ပါပဲ။
လူငယ်တွေဟာ လူမှုကွန်ရက်၊ အင်တာနက်၊ ဖေ့စ်ဘွတ်စ် စတဲ့ အရာတွေနဲ့ပဲ အချိန်ကုန်နေတတ်ပြီး "လူငယ်တွေစာမဖတ်ဘူး" ဆိုတဲ့ လူကြီးသူမတွေ မကြာခဏပြောလေ့ရှိတဲ့ စကားကို ချေဖျက်ရုံမက မှားယွင်းကြောင်းလည်း သက်သေထူဖို့ သူတို့က ကြိုးစားနေတာလို့ စာကြည့်တိုက်တည်ထောင်သူတွေက ဆိုပါတယ်။
ရွေ့လျားစာကြည့်တိုက် ပဋိသန္ဓေတည်ရာက ဒေသခံ မကွေးလူငယ်တစ်ယောက်ဆီက အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ မြို့ခံတွေ အများစုအကြား တွေ့ဆုံဆွေးနွေးလေ့ရှိကြတဲ့ လူမှုကွန်ရက်အုပ်စုတစ်ခု (င်္ခေနဘသသု ွမသကစ) မှာ ဒီစိတ်ကူးကို စတင်ဆွေးနွေးကြရာကတစ်ဆင့် ၂၀၁၈၊အောက်တိုဘာမှာတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်လေးကို အပြင်လက်တွေ့ကမ္ဘာထဲ စတင် တည်ဆောက်ကြပါတော့တယ်။
"နာမည်ကို ထွေထွေထူးထူးပေးမနေဘူး။ (နေရာက) မကွေးမှာမို့မကွေးပါမယ်။ ရွေ့လျားစာကြည့်တိုက်ဖြစ်မို့ သြဘငူန ူငဘမမေပ လို့ ပေးမယ်။အဲဒီတော့ ြေါတပေ သြဘငူန ူငဘမမေပ လို့ ပေးလိုက်တယ်"လို့ စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောပါတယ်။
ကိုစည်သူအပါအဝင် စတင်တည်ထောင်ရာမှာ ပါဝင်တဲ့ မကွေးလူငယ်တွေက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေက ရွေ့လျားစာကြည့်တိုက်တွေကို အားကျတယ်လို့ ဆိုပါတယ်။
မကွေးက ရွေ့လျားစာကြည့်တိုက် စတင်တည်ထောင်ခဲ့ချိန်ကအခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သမားရိုးကျ အတွေးအခေါ်တွေထဲကဖောက်ထွက်ပြီး စာကြည့်တိုက်ဝန်ဆောင်မှုကို ဆန်းသစ်တဲ့ပုံစံနဲ့ လူတွေနဲ့စာအုပ်တွေကို ချိတ်ဆက်ပေးလိုက်တဲ့အခါမှာတော့ ရွေ့လျားစာကြည့်တိုက်လေးဟာ အတန်အသင့် လူစိတ်ဝင်စားမှုကို ခံခဲ့ရပြီး အဲဒီကတစ်ဆင့် ဒီနေ့အခြေအနေအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
ရွေ့လျားစာကြည့်တိုက် တည်ထောင်မယ့်အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ စတင် ဆွေးနွေးခဲ့စဉ်က အွန်လိုင်းမှာ အားပေးစကားပြောတဲ့သူနဲ့ ကူညီမယ်လို့ ကတိပြုသူတွေ အများအပြား ရှိခဲ့ပေမဲ့အပြင်မှာ တကယ်လက်တွေ့ စတင်အကောင်အထည်ဖော်တဲ့အချိန်မှာတော့ ကူညီသူအနည်းငယ်သာ ရှိခဲ့ပါတယ်။ နည်းနည်းနဲ့ စတင်ခဲ့ရာကအခုနောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထအနေနဲ့ စာကြည့်တိုက်ဝန်ဆောင်မှုအတွက် လုပ်အားပေးသူ လူအင်အားက ၁၅ ယောက် ဝန်းကျင်အထိ ရှိလာပြီဖြစ်ပါတယ်။
မကွေးရွေ့လျားစာကြည့်တိုက်လေးကို စတင်တည်ထောင်ချိန်က စာအုပ်အရေအတွက် ၈၀ သာ ရှိခဲ့ပါတယ်။ စာအုပ်အများစုကရသစာပေတွေဖြစ်ပြီး စာကြည့်တိုက်ရဲ့ သက်တမ်းဟာ ရက်သတ္တပတ်တစ်ခုပြီးတစ်ခု လွန်မြောက်လာချိန်မှာတော့ စာအုပ်အင်အားကလည်း တဖြည်းဖြည်း တောင့်တင်းလာပါတယ်။
စာကြည့်တိုက်အဖွဲ့ဝင်တချို့က တစ်ယောက်ကို စာအုပ် ငါးအုပ်၊၁၀ အုပ် စသဖြင့် သူတို့ဆီမှာရှိတဲ့ စာအုပ်တွေ ယူလာပြီး လ·ဒါန်းကြရာကတစ်ဆင့် စာကြည့်တိုက်ဟာ ပိုမိုပြည့်စုံလာပါတယ်။ သုတ၊ ရသ ဒါနပြုလိုသူတွေကြောင့် မကွေးရွေ့လျားစာကြည့်တိုက်လေးဟာ စတင်တည်ထောင်ပြီး လပိုင်းအတွင်းမှာ တန်ဖိုးကြီး၊ ရှားပါးစာအုပ်တွေကိုလည်း စာဖတ်သူတွေလက်ထဲ အရောက်ထည့်ပေးနိုင်တဲ့ အနေအထားအထိရောက်ရှိလာပါတယ်။ ရှားပါးအဖိုးတန်စာအုပ်တွေကိုတော့ ငှားရမ်းခွင့်မပြုပဲ စာကြည့်တိုက်မှာပဲ ဖတ်ရှုခွင့်ပေးပါတယ်။
"အစပိုင်းမှာ ထင်သလောက်စာအုပ်လာငှားတာ မရှိဘူး။ တစ်ပတ်တစ်ပတ်မှာ အလွန်ဆုံးလာငှားရင် သုံးလေးယောက်ပဲ" လို့ ရွေ့လျားစာကြည့်တိုက်ရဲ့ ကနဦးနေ့ရက်တွေအကြောင်းကို ကိုစည်သူကပြောပြပါတယ်။
စာကြည့်တိုက် စတင်တည်ထောင်ချိန်က စာအုပ်ငှားရမ်းသူအရေအတွက် နည်းပါးတာကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့ အဖြေရှာဖို့ကြိုးပမ်းခဲ့ရတယ်လို့ သူက ဆိုပါတယ်။
လူတွေက စာအုပ်တွေဆီကို အရောက်လာဖို့ အချိန်နဲ့ စိတ်အားထက်သန်မှု မရှိဘူးဆိုရင် စာအုပ်တွေက လူတွေဆီကို အရောက်သွားဖို့ဆိုတာ သူတို့ စဉ်းစားမိတဲ့ အကြံÓဏ်တစ်ခုပါပဲ။
ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ မကွေးရွေ့လျား စာကြည့်တိုက်အရေး တက်တကြွ်ကြွက လှုပ်ရှားသူတွေထဲက အမျိုးသမီးလေးယောက်ကိုကိုယ်စားလှယ်ရွေးချယ်လိုက်ကြပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ စာအုပ်တွေကို အိမ်တိုင်ရာအရောက် လိုက်ငှားပေးဖို့ ဖြစ်ပါတယ်။
သူတို့လေးယောက်ဟာ ရွေ့လျားစာကြည့်တိုက်က ပိုင်ဆိုင်တဲ့စာအုပ်တွေကို ခွဲဝေပြီး သိမ်းဆည်းပါတယ်။ လူမှုကွန်ရက်စာမျက်နှာမှာသူတို့လေးယောက်ရဲ့ ဓာတ်ပုံ၊ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတင်ထားပါတယ်။ စာအုပ်ငှားရမ်းလိုသူဟာ သူနဲ့ အနီးဆုံးကိုယ်စားလှယ်နဲ့ ဆက်သွယ်လိုက်ရုံပါပဲ။ စာဖတ်သူက လိုချင်တဲ့စာအုပ်ရှိရင်တော့ကိုယ်စားလှယ်က အိမ်အထိသွားရောက်ပြီး စာအုပ်ပို့ပေးပါတယ်။
သမားရိုးကျအတွေးအခေါ်ထဲက ဖောက်ထွက်လိုက်တဲ့ အချက်ကမကွေးရွေ့လျားစာကြည့်တိုက်ကို လူသိများလာစေပါတယ်။ အိမ်တိုင်ရာရောက် စာအုပ်ငှားရမ်းတဲ့ ဝန်ဆောင်မှု စတင်ပြီးနောက်ပိုင်းမှာစာကြည့်တိုက်ကနေ စာအုပ်ငှားရမ်းဖတ်ရှုသူ အရေအတွက်ဟာတစ်ဆ တစ်ဆ ပိုမိုများပြားလာပါတယ်။
ငှားရမ်းဖတ်ရှုသူအရေအတွက် များလာတာနဲ့အမျှ စာကြည့်တိုက်လုပ်အားပေး ကိုယ်စားလှယ် လေးဦးအပြင် အရံကိုယ်စားလှယ် နှစ်ဦးကိုလည်း တိုးချဲ့ခန့်အပ်နိုင်ခဲ့ပါတယ်။ စာကြည့်တိုက်ကိုယ်စားလှယ်အဖြစ်လုပ်အားပေးဖို့ စာရင်းပေးသူတွေကလည်း အများအပြားရှိလာပါတယ်။
စာကြည့်တိုက်ကိုယ်စားလှယ်အင်အား ချဲ့လိုက်တာဟာ ရာနဲ့ချီတဲ့စာအုပ်တွေကို သိမ်းဆည်းခြင်းက ဖြစ်လာမယ့် ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းလိုက်ပြီးသား ဖြစ်နေပါတယ်။
"စာကြည့်တိုက်တွေက အဆောက်အအုံတွေရှိတယ်။ စာအုပ်တွေရှိတယ်။ ဒါပေမဲ့့ တကယ်လာငှားတဲ့သူ သိပ်မရှိဘူးဖြစ်နေတယ်။ စာကြည့်တိုက်တွေမှာ စာအုပ်ကောင်းတွေလည်းရှိတယ်။ ဒါပေမဲ့ အလုပ်မဖြစ်ဘူး၊ လူတွေရဲ့ လက်တစ်ကမ်းမှာ စာအုပ်တွေရှိရင် လူတွေငှားဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ဒီစာကြည့်တိုက်လေးကို စဖို့ ကြိုးစားခဲ့တယ်"လို့ စာကြည့်တိုက် စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ ကိုဇင်ထက်လင်းက ပြောပါတယ်။
ရွေ့လျားစာကြည့်တိုက်က စတင်လိုက်တဲ့ စာဖတ်ရေးအရွေ့ကတော့အရှိန်အဟုန်နဲ့ ခရီးနှင်နေပါပြီ။ ဒီအရွေ့နဲ့အတူ လိုက်ပါကြသူတွေမှာဆယ်ကျော်သက်အရွယ်တွေ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေပါဝင်သလို အသက်အရွယ်စုံပါဝင်ပါတယ်။ လူပျို လူလွတ်တွေပါဝင်သလို အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
သူတို့ကိုယ်တိုင် တက်တကြွ်ကြွက စာအုပ်တွေ ငှားရမ်းဖတ်ရှုကြသလို ခင်ရာ မင်ရာ မိတ်ဆွေတွေကိုလည်း ဒီရွေ့လျားစာကြည့်တိုက်လေးနဲ့မိတ်ဆက်ပေးဖို့ အမြဲတစေ ကြိုးပမ်းလေ့ရှိကြပါတယ်။
စာကြည့်တိုက်ရဲ့ အမာခံအဖွဲ့မှာပါတဲ့ ဓာတုဗေဒဘာသာရပ် အထူးပြုပထမနှစ် ဂုဏ်ထူးတန်းတက်နေတဲ့တက္ကသိုလ်ကျောင်းသူ မဇူမေလွင်ဟာ သူ့ရဲ့ သူငယ်ချင်းတွေကို စာကြည့်တိုက်လေးဆီ ခေါ်သွားနိုင်ဖို့ စည်းရုံးကြိုးပမ်းသူတွေထဲက တစ်ယောက်ပါ။
တကယ့်လက်တွေ့မှာတော့ သူ့သူငယ်ချင်းတွေ စာဖတ်ချင်စိတ်ရှိလာအောင်နဲ့ မကွေးရွေ့လျား စာကြည့်တိုက်လေးဆီ အရောက်ခေါ်လာဖို့ ဆိုတာက မဇူမေလွင်အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
"ပထမဆုံးအပတ်မှာ စာဖတ်ဖို့သူငယ်ချင်းတွေကို ခေါ်တယ်။လိုက်တော့ လာပေမဲ့ သူတို့က သိပ်စိတ်မဝင်စားဖူး။ အဲဒီတော့နောက်တစ်ပတ်မှာ မလိုက်တော့ဘူး။ သူငယ်ချင်းနှစ်ယောက်ကို ခေါ်သွားခဲ့တာ နောက်တစ်ပတ်မှာ သူတို့နှစ်ယောက်စလုံး လိုက်မလာတော့ဘူး။ စိတ်မကောင်းဖြစ်ခဲ့ရတာပေါ့"လို့ သူက ပြောပါတယ်။
မဇူမေလွင်က မကွေးရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်ငှားရမ်းဝန်ဆောင်မှုအတွက် လုပ်အားပေးနေသူ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့မိတ်ဆွေတော်တော်များများကိုစာကြည့်တိုက်လေးနဲ့ မိတ်ဆက်ပေးဖို့၊ စာဖတ်အရွေ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်စည်းရုံးခဲ့ပေမဲ့ အများစုက စိတ်သိပ်မပါဘူးလို့ သူက ဆိုပါတယ်။
အခုလို အကြောင်းရင်းတွေရှိပေမဲ့ သူကတော့ စိတ်မပျက်ပါဘူး။ မဇူမေလွင်အနေနဲ့ စာကြည့်တိုက်ကိုယ်စားလှယ်အဖြစ် ကျောင်းပြီးတဲ့အထိ ဆက်ပြီး လုပ်အားပေးသွားမယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။
အိမ်ထောင်ရက်သားကျပြီးတဲ့ အမျိုးသမီးအိမ်ရှင်မတွေကို စာဖတ်ဖို့ တွန်းအားပေးသူ နောက်တစ်ဦးကတော့အသက် ၃၀ ရှိပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင် မမေသဇင်ပဲ ဖြစ်ပါတယ်။
"တခြားသူတွေကို စာဖတ်စေချင်တယ်။ နောက်တစ်ခုကတော့အိမ်ထောင်ကျသွားတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေက အပြင်မှာထွက်လို့မရတော့ဘူး။ လူရာမဝင်ဆံ့တော့ဘူး ဆိုတာမျိုးတွေရှိတော့ကျွန်မပြောချင်တာက ကလေးတွေလည်းရှိပေမဲ့ အိမ်အလုပ်ကိုလုပ်ရင်း အခုလိုမျိုးလည်း အပြင်မှာ ကိုယ်တတ်စွမ်းသမျှ လုပ်လို့ရတယ်ဆိုတာမျိုးကိုလည်း ပြောပြချင်တယ်"လို့မမေသဇင်က ပြောပြပါတယ်။
သူဟာ ဇနီးသည်တစ်ယောက်၊ မိခင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားအပြင် မကွေးရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်ငှားကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်ကိုလည်း ပခုံးထမ်းတင်ထားသူ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ရွေ့လျားစာကြည့်တိုက်ရယ်လို့ ဖြစ်လာအောင် စတင်ဆွေးနွေး လုပ်ဆောင်ခဲ့ကြသူတွေအနက်သူဟာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
စာကြည့်တိုက်မှာ လတ်တလော အငှားရဆုံး စာအုပ်တွေကတော့ ဆရာနေဝင်းမြင့်နဲ့ ဆရာမခင်ခင်ထူးတို့ရဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။ ဒါဟာ လူငယ်တွေအကြား ရသစာပေအပေါ် တိမ်းညွတ်မှုက ပိုများလာတဲ့ သဘောလို့ ယူဆနိုင်ကြောင်း မမေသဇင်က ဆိုပါတယ်။
မကွေးရွေ့လျားစာကြည့်တိုက်ရဲ့ စာအုပ်ငှားရမ်းခြင်းနဲ့ သိမ်းဆည်းခြင်း စတဲ့ ဝေယျာဝစ္စတွေ ဆောင်ရွက်ဖို့ အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းသူ ၂၄ ယောက်ရှိနေပြီး ၁၅ ယောက်လောက်ကတော့ ပုံမှန် မပျက်မကွက် ပါဝင်နေတယ်။
စာအုပ်ငှားရမ်းတာတင်မက စာကြည့်တိုက်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး အပြန်အလှန်ဆွေးနွေးမှုတွေ ပါဝင်တဲ့ စာပေစကားဝိုင်းတွေလည်း အပတ်စဉ် ကျင်းပနေပါတယ်။ ဒီလိုစာပေဆွေးနွေးပွဲတွေမှာ ဝင်ရောက်နားထောင်ရာကတစ်ဆင့် လူတွေကို စာညွှန်းပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ စာကြည့်တိုက်အဖွဲ့ဝင်တွေက ဆိုပါတယ်။
"စာဖတ်ခြင်းဖြင့် ယဉ်ကျေး၍ အသိÓဏ်မြင့်မားသော လူ့အဖွဲ့အစည်းဆီသို့" ဆိုတဲ့ စကားရပ်က မကွေးရွေ့လျားစာကြည့်တိုက်ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ့် သန္နိဋ္ဌာန်စကားပါ။ တနင်္ဂနွေ ညနေတိုင်းမှာ သူတို့ကို မကွေးမြို့လယ်က ဗိုလ်ချုပ်ပန်းခြံမှာ တွေ့နိုင်သလို စာကြည့်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ကိုယ်စားလှယ်တွေကို ဆက်သွယ်ပြီး စာအုပ်တွေငှားရမ်းနိုင်ပါတယ်။
မကွေးရွေ့လျားစာကြည့်တိုက်က ဦးဆောင်တဲ့ စာဖတ်သူပြန့်ပွားရေးအရွေ့တစ်ခုကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ သူတို့မျှော်မှန်းတဲ့ ပန်းတိုင်ဆီကို ရွက်လွှင့်လို့နေပါပြီ။

















