နိုင်ရိုဘီဟိုတယ်တစ်ခုကို အယ်လ်-ရှာဘတ် အစွန်းရောက်သမားများက ဝင်ရောက်တိုက်ခိုက

နိုင်ရိုဘီဟိုတယ်တစ်ခုကို အယ်လ်-ရှာဘတ် အစွန်းရောက်သမားများက ဝင်ရောက်တိုက်ခိုက

နိုင်ရိုဘီ ” ကင်ညာမြို့တော်ရှိ အဆင့်မြင့်ဟိုတယ်တစ်ခုကို အစွန်းရောက် သမားများက ဇန်နဝါရီ ၁၅ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကာ ဖောက်ခွဲမှုများနှင့် တိုက်ခိုက်မှုများကို အာဖရိကရှိ ကြောက်စရာအကောင်းဆုံး အစ္စလာမ်စစ်သွေးြွကအုပ်စုက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက် မှုတွင် အနည်းဆုံးလူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ်အုပ်စုသည် လူ ၆၇ ဦးသေဆုံးခဲ့သည့် နိုင်ရိုဘီရှိ ဝက်စ်ဂိတ်မောလ်အနီး ၂၀၁၃ ခုနှစ်  တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယခုအခါ ဒူးဆစ်ဒီ”၂ ဟိုတယ်ဝင်းအတွင်း တိုက်ခိုက်မှုအတွက်၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဟိုတယ်တွင် အရက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ရုံးခန်းများ၊ ဘဏ်များပါရှိကာ အနီးဝန်းကျင်တွင် ချမ်းသာသည့် အမေရိကန်၊ ဥရောပသားများနှင့် အိန္ဒိယနိုင်ငံသားများ တည်းခိုကြသည်။

အလောင်း ၁၅ လောင်းကို ရင်ခွဲရုံသို့ သယ်ဆောင်ပြီးဖြစ်သည်ဟု ကင်ညာရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါသေဆုံးမှုများထဲတွင် အမေရိကန်နိုင်ငံသား တစ်ဦးပါရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့သော်လည်း သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အယ်လ်-ရှာဘတ်တို့က ၄၇ ဦးသေဆုံးသည်ဟု အခိုင်အမာပြောကြားသော်လည်း ယင်း၏ ရှာဟာဒါ သတင်းဌာနကအသေးစိတ်ဖော်ပြခြင်း မရှိခဲ့ချေ။

သေနတ်သမားများကို ရှင်းလင်းရန် ဟိုတယ်အတွင်းသို့ အထူးတပ်ဖွဲ့ဝင်များအား အာဏာပိုင်တို့က စေလွှတ်ခဲ့သည်။ 

ဟိုတယ်ကို ရဲများက ဝန်းရံအပြီး ရှစ်နာရီခန့်အကြာတွင် ပြည်ထဲရေးဝန်ကြီး ဖရက်ဒ်မာတီရန်က  တိုက်ခိုက်ခံရသည့် အဆောက်အအုံအားလုံး လုံခြုံစိတ်ချသွားရပြီဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းနေကြောင်း ပြောကြားခဲ့သည်။ 

သို့သော် ထိုသို့ပြောကြားပြီး တစ်နာရီခန့်တွင် နောက်ထပ် သေနတ်သံများကြားခဲ့ရကြောင်း ကင်ညာအသံလွှင့်ဌာန အန်တီဗီက ထုတ်လွှင့်ခဲ့သည်။ အချို့ မိသားစုဝင်များက ဟိုတယ်ဝင်းအတွင်း ပုန်းအောင်းနေသော ၎င်းတို့၏ မိသားစုဆွေမျိုးများနှင့် အဆက်အသွယ်ရှိသည်ဟု ပြောကြားကာ ၎င်းတို့သည် ကယ်ဆယ်မှုကို စောင့်ဆိုင်းနေကြရသည်။

ဇန်နဝါရီ ၁၆ ရက်အစောပိုင်းတွင် ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာနက အဆောက်အအုံများအားလုံး လုံခြုံစိတ်ချရကာ နောက်ထပ်ခြိမ်းခြောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်ရေးသမား အရေအတွက်မည်မျှရှိသည်၊ ၎င်းတို့မည်သို့ဖြစ်သွား သည်ကို အာဏာပိုင်တို့က မပြောကြားခဲ့သော်လည်း ကင်ညာစီတီဇင်တီဗီက လုံခြုံရေးကင်မရာတွင်ရိုက်ကူးထားသည့် ပုံများကို ထုတ်လွှင့်ခဲ့ကာ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့်လူ အနည်းဆုံး လေးဦးရှိသည်ဟု မြင်တွေ့ရသည်။

အဆိုပါ ချိတ်ဆက်တိုက်ခိုက်မှုတွင် ဘဏ်တစ်ခု အပြင်ဘက်ရှိ ယာဉ်သုံးစီးကိုပစ်မှတ်ထားဖောက်ခွဲကာ စတင်တိုက်ခိုက်ခဲ့ပြီး ဟိုတယ်ဧည့်ခန်းမအတွင်း  အသေခံဗုံးခွဲမှုတစ်ခု ပြုလုပ်ခြင်းကြောင့် ဧည့်သည် အတော်များများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ကင်ညာ အမျိုးသားရဲအရာရှိချုပ် ဂျိုးဆက်ဘွိုင်းနက်က ပြောကြားခဲ့သည်။

ဝက်စ်ဂိတ်မောလ်တွင် တိုက်ခိုက်ခဲ့သကဲ့သို့ပင် ယခုတိုက်ခိုက်မှုသည်လည်း လူချမ်းသာကင်ညာနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်သည်။ 

အယ်လ်-ကိုင်ဒါနှင့် ဆက်သွယ်ထားသည့် အဆိုပါအုပ်စုသည် ကင်ညာတွင် လူရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ လူအသေအပျောက် အများဆုံးဖြစ်သည့် ၂၀၁၅ ခုနှစ် ကင်ညာရှိ ဂါရစ်ဆာတက္ကသိုလ် တိုက်ခိုက်မှုတွင် လူ ၁၄၇ ဦး သေဆုံးခဲ့ကာ အများစုမှာ ကျောင်းသားများဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကို အယ်လ်-ရှာဘတ်တို့က ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိအခြေအနေမှာ ဇန်နဝါရီ ၁၆ ရက်အထိ ကင်ညာရဲတို့က အဆိုပါ ဟိုတယ်ကြီး ပတ်ဝန်းကျင်နှင့် ဈေးဆိုင်တန်းများ နေရာတွင် လုံခြုံမှုစစ်ဆင်ရေး တစ်ရပ်ကို ဆောင်ရွက်နေတစ်ရပ်ကို ဆောင်ရွက်နေဆဲဖြစ်သည်ဟုသိရသည်။