မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ရာထူး မှ ထုတ်ပယ်ခံရသည့် ယူ-၂၂ လက်ရွေးစင် အသင်းနည်းပြချုပ် ဦးကြည်လွင်နေရာ၌ ဘူ ဂေးရီးယားလူမျိုးနည်းပြ မစ္စတာ ဗီလီဇာပို ပေါ့ကို အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ကြေညာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လေး နှစ်တာစီမံကိန်းနှင့် ပတ်သက်၍ နည်းစနစ် ဒါရိုက်တာ မစ္စတာအဲရစ်က စာနယ်ဇင်းမီဒီ ယာများအား ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား၌ ယခုကဲ့သို့ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။ နည်းပြအပြောင်းအလဲနှင့် ပတ်သက်၍ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က "ကျွန်တော်တို့ သတ်မှတ် ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ဦးကြည်လွင်က မကိုက်ညီတာလည်းပါတယ်။ ပြီးတော့ သူက အေအက်ဖ်စီ(ဘီ) လိုင်စင်ပဲရှိတယ်။သူ့ကို (အေ)လိုင်စင်တက်ဖို့ပြောတော့ ကျန်းမာရေး ကြောင့် မတက်နိုင်ပါဘူးလို့ပြောပါတယ်။ အေ အက်ဖ်စီ(အေ)လိုင်စင်ရှိမှ လက်ရွေးစင်အသင်း ကို ကိုင်တွယ်ခွင့်ရတာပါ"ဟု ရှင်းပြခဲ့သည်။
စာချုပ်လျော်ကြေး
ဦးကြည်လွင်သည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလကုန်အထိ စာချုပ်သက်တမ်းရှိနေ၍ ၎င်းအား စာချုပ် လျော်ကြေး သုံးလစာ ကျပ် ၇၅ သိန်းပေးခဲ့ ကြောင်းလည်း သိရသည်။ ဦးကြည်လွင်နေရာ ၌ အစားထိုးခန့်အပ်ခဲ့သည့် ဗီလီဇာပိုပေါ့သည် နည်းပြသက်တမ်းတစ်လျှောက် ထိုင်းကလပ် ဆူဖန်ဘူရီ၊ မော်လ်ဒိုက်ကလပ် နယူးရေး ဒီယန့်အသင်းများအပြင် အခြားကလပ်များကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရွေးစင်နည်းပြအဖြစ် မော်လ်ဒိုက်လက်ရွေးစင်အသင်းကိုသာ ကိုင် တွယ်ခဲ့ဖူးသည်။ မြန်မာယူ--၂၂ အသင်းသည် ယခုနှစ်အတွင်း အာဆီယံယူ--၂၂၊ အာရှယူ-- ၂၂ ခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲများ၌ ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် သည် ယူ--၁၈ နှင့် ယူ--၁၉ အသင်း နည်းပြချုပ် အဖြစ် ဦးစိုးမြတ်မင်းကို တာဝန် ပေးခဲ့သည်။















