ကနေဒါနိုင်ငံသားတစ်ဦးကို သေဒဏ်ချမှတ်မှုကြောင့် တရုတ်နှင့် ကနေဒါ ဆက်ဆံရေးတင်းမာ

ကနေဒါနိုင်ငံသားတစ်ဦးကို သေဒဏ်ချမှတ်မှုကြောင့် တရုတ်နှင့် ကနေဒါ ဆက်ဆံရေးတင်းမာ

တိုရွန်တို ” တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက ကနေဒါနိုင်ငံသားတစ်ဦး၏ မူးယစ်ဆေးဝါး မှောင်ခိုမှုကို ရုတ်တရက် ပြန်လည်ကြားနာစစ်ဆေးကာ ဇန်နဝါရီ ၁၄ ရက်က သေဒဏ်ချမှတ်လိုက်ပြီး အခြား ကနေဒါနိုင်ငံသား တစ်ဦး၏ သံတမန်ကင်းလွတ်ခွင့်ကို ငြင်းပယ်လိုက်ခြင်းသည် ပြီးခဲ့သည့်လက တရုတ်နည်းပညာကုမ္ပဏီက ထိပ်တန်းအရာရှိတစ်ဦးကို ကနေဒါက ဖမ်းဆီးခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လျောင်နင်းပြည်နယ်တရားရုံးက ၂၀၁၆ ခုနှစ် တရားစီရင်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသည့် ရောဘတ် လွိုက်ရှီလင်ဘာ့ဂ်ကို ယခုအခါ သေဒဏ်အဖြစ် ပြောင်းလဲကျခံစေရန် ထုတ်ပြန်ကြေညာခဲ့သည်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ချက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ကာ တရုတ်နိုင်ငံသည် ဟွာဝေးဆက်သွယ်ရေးကုမ္ပဏီကြီးက ဘဏ္ဍာရေးအရာရှိချုပ် မုန်ဝမ်ကျုတ် ဖမ်းဆီးခံရခြင်းအတွက် ကနေဒါနိုင်ငံကို ဖိအားပေးရန် ယင်း၏ တရားစီရင်ရေးစနစ်ကို အသုံးပြုနေသည်ဟု ပြောကြားလိုက်သည်။ 

ထရူဒေါ၏ အပြင်းထန်ဆုံး ဝေဖန်မှုများထဲတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံများအားလုံးသည် တရုတ်နိုင်ငံက ယင်း၏ တရားရေးစနစ်ကို ထင်ရာမြင်ရာ တစ်ဖက်သတ်ပြုလုပ်နေခြင်းကို လွန်စွာ စိုးရိမ်ပူပန်သင့်သည်ဟု ပြောကြားခဲ့သည်။

ဟွာဝေးကုမ္ပဏီအကြီးအကဲ မုန် ဖမ်းဆီးခံရသည့်အတွက် ပြောင်ပြောင်တင်းတင်း လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ကနေဒါ သံတမန်ဟောင်း မိုက်ကယ်ကိုးဗရစ်ချ်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ကာ သံတမန်ကင်းလွတ်ခွင့် မပေးခြင်းကြောင့် တရုတ်နှင့် ကနေဒါနိုင်ငံ သံတမန်ဆက်ဆံရေး သဘောထားကွဲလွဲမှုကို ပိုမိုမြင့်မားလာစေသည်ဟု တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြေကြားခဲ့သည်။

နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့အတွက် အာရှအရှေ့မြောက်ပိုင်းဆိုင်ရာ ဝေဖန်ဆန်းစစ်သူတစ်ဦးဖြစ်သည့် ကိုးဗရစ်ချ်ဖမ်းဆီးခံရသည့် ပြီးခဲ့သည့် ဒီဇင်ဘာလက ၎င်းသည် ကနေဒါအစိုးရထံမှ ခွင့်ယူထားချိန်ဖြစ်သည်။

ရှီလင်ဘာ့ဂ်ကို ၂၀၁၆ ခုနှစ်က ထောင်ဒဏ် ၁၅ နှစ် ကနဦးချမှတ်ခဲ့ကာ လေးနှစ်ကျော်ကြာ ကျခံပြီးဖြစ်သည်။ သို့သော် ဒီဇင်ဘာ ၁ ရက်တွင် မုန်ဝမ်ကျုတ် ဖမ်းဆီးခံရပြီး ရက်သတ္တပတ်အတွင်းမှာပင် အယူခံတရားရုံး တစ်ရုံးက ပြစ်ဒဏ်သည် အလွန်သက်ညှာလွန်းသည်ဟုဆိုကာစီရင်ချက်ကို ရုတ်တရက် ရုပ်သိမ်းကာ လေးရက်သာကြိုတင်အသိပေး အကြောင်းကြားပြီး ဇန်နဝါရီ ၁၄ ရက်တွင် ပြန်လည်ကြားနာခဲ့ခြင်းဖြစ်သည်။

သေဒဏ်ကို ပြစ်ဒဏ်လျှော့ပေါ့နိုင်ကြောင်း တရားရုံးက ညွှန်ပြမှုမရှိသော်လည်း ရှီလင်ဘာ့ဂ်၏ ကံကြမ္မာသည် မုန်အားလွှတ်ပေးရန်အတွက် တရုတ်နိုင်ငံ၏တောင်းဆိုမှုအပေါ် သံတမန်ဆွေးနွေးညှိနှိုင်းမှုများနှင့် ပါဝင်ပတ်သက်နေသည်ဟု လေ့လာအကဲခတ်သူများက ပြောသည်။

မုန်အားဖမ်းဆီးပြီး ရက်အနည်းငယ်အကြာတွင် ကိုးဗရစ်ချ်နှင့် ကနေဒါ စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပါဗော်တို့ကို အမျိုးသားလုံခြုံရေးဆိုသည့် မရေမရာစွပ်စွဲချက်များဖြင့်ထိန်းသိမ်းခဲ့သည်။ မုန်သည် ကနေဒါနိုင်ငံတွင် အာမခံဖြင့်နေကာ လာမည့်လတွင် စတင်မည့် တရားခံလွှဲပြောင်းပေးအပ်ရေး ကြားနာစစ်ဆေးမှုကို စောင့်ဆိုင်းနေသည်။

ရှီလင်ဘာ့ဂ်၏ရှေ့နေ ကျန်ဒေါင်ရှုက တစ်ရက်တာ ကြားနာမှုအတွင်း ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရန် တရားစွဲဆိုသူများသည် သက်သေအထောက်အထားသစ် တင်ပြခြင်းမရှိခဲ့ကြောင်း ပြေကြားခဲ့သည်။ ၎င်း၏ အမှုသည်မှာ ယခုအခါ အယူခံဝင်ရန် ၁၀ ရက်တာ အချိန်ရကြောင်းလည်း ပြောကြားခဲ့သည်။

ရှီလင်ဘာ့ဂ်သည် နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် ပါဝင်ပတ်သက်ခဲ့ကာ တရုတ်နိုင်ငံ ဒါလီယန်မြို့ရှိ ဂိုဒေါင်တစ်ခုမှတစ်ဆင့် သြစတြေးလျသို့ မက်သာဖီတာမင်းကီလိုဂရမ် ၂၂၀ (၄၈၅ ပေါင်) ကျော် ခိုးထုတ်မှုကို ကူညီခဲ့သည်ဟုတွေ့ရှိရကြောင်း တရားရုံးက ပြောကြားခဲ့သည်။

ကနေဒါသံတမန်များ၊ ပြည်ပနှင့် ပြည်တွင်းမီဒီယာများ အပါအဝင် လူ ၅၀ တက်ရောက်ခဲ့သော ဇန်နဝါရီ ၁၄ ရက်တရားစီရင်မှုကို တရားရုံးက အွန်လိုင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကနေဒါသည် ကိုးဗရစ်ချ်နှင့်စပါဗော်ကို လွှတ်ပေးရန် မဟာမိတ်များနှင့် စည်းရုံးလှုံ့ဆော်မှု စတင်လုပ်ဆောင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့က ထောက်ခံကြောင်း ကြေညာချက် များထုတ်ပြန်ခဲ့သည်။ ထရူဒေါက အမှုကိစ္စများအကြောင်း သမ္မတဒေါ်နယ်ထရမ့်ကို ဇန်နဝါရီပထမပတ်က ပြောကြားခဲ့ကာ အိမ်ဖြူတော်က အဆိုပါဖမ်းဆီးမှုများကို ဥပဒေနှင့် ဆန့်ကျင်သည်ဟု ပြောကြားခဲသည်။