ပေကျင်း-ကမ္ဘာ့ငွေကြေးအကျပ်အတည်းနှင့် အမေရိကန်နှင့်ကုန်သွယ်ရေး စစ်ပွဲ အကျိုးသက်ရောက်မှုကြောင့် နိုင်ငံ၏ ဆိုးဆိုးဝါးဝါးနှေးကွေးလာသော စီးပွားရေးကို အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံက အခွန်များလျှော့ချပေးရန်၊ အသုံးစရိတ်ကိုအရှိန်မြှင့်ကာ ပုဂ္ဂလိကနှင့်လုပ်ငန်းငယ်လေးများကို လုံလောက်သည့် ငွေကြေးထောက်ပံ့ပေးရန် စီစဉ်ထားသည်။
တရုတ်နိုင်ငံတော်ဗဟိုဘဏ်က တည်ငြိမ်သော်လည်း ပြုပြင်ပြောင်းလဲနိုင်သည့် ငွေကြေးမူဝါဒကို ထိန်းသိမ်းထားရှိကာ ယွမ်ငွေကြေးတန်ဖိုးကို ထိန်းထားနိုင်သည်ဟု ယုံကြည်ချက်ရှိကြောင်း ဗဟိုဘဏ်ဒုတိယအကြီးအကဲ ဖြစ်သူ ကျူရှင်းက ၂၀၁၉ ခုနှစ်အတွက် အစီအစဉ်များအပေါ် ဆွေးနွေးမှာကြားပွဲတွင် သတင်းထောက်များကို ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
အစိုးရက ဘဏ်များကို ချေးငွေပိုမိုထုတ်ချေးရန်နှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ငွေကြေးသုံးစွဲမှုတိုးမြှင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြင့် စီးပွားရေးအကျကို ပိတ်ဆို့ရန် ကြိုးပမ်းအားထုတ်သော်လည်း ပြီးခဲ့သည့် ဇူလိုင်မှ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် လွန်ခဲ့သည့် တစ်နှစ်ကနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၅ ရာခိုင်နှုန်း နိမ့်ကျခဲ့သည်။
တရုတ်ကုန်ပစ္စည်းများအပေါ် သမ္မတဒေါ်နယ်ထရမ့်က အကောက်ခွန် တိုးမြှင့်လိုက်ခြင်းကြောင့် ဝယ်လိုအားစတင်ကျဆင်းသည့် အကျိုးဆက်ကြောင့် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ကုန်ပစ္စည်းတင်ပို့မှုများ ကျဆင်းခဲ့သည်ဟု အစိုးရက ဇန်နဝါရီ ၁၄ ရက်က ဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှုသည် ၂၀၁၈ ခုနှစ်က စံချိန်တင်ကာ ဒေါ်လာ ၃၂၃ ဒသမ ၃ ဘီလျံ ရောက်ရှိခဲ့သည်။
တရုတ်ကုန်ပစ္စည်း တင်ပို့ရောင်းချသူများသည် ကုန်ပစ္စည်းအမှာစာများကို အလျင်စလို ဖြည့်တင်းနေရသည့်အတွက် ပြီးခဲ့သည့်လများအတွင်းက အမေရိကန်ဈေးကွက်သို့ ရောင်းအားသည် ဆယ်ဂဏန်းထိ ဆက်လက် ကြီးထွားနေသည်။ သို့သော် ထရမ့်၏ ဒဏ်ခတ်မှု အပြည့်အဝ အကျိုးသက်ရောက်သည်နှင့် အမေရိကန် ကုန်အမှာစာများ ကျဆင်းသွားလိမ့်မည်ဟု ကြိုတင်ခန့်မှန်းသူများက ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်ပစ္စည်း ဝယ်လိုအား မှာလည်း အသင့်အတင့်မျှသာရှိသည်။
တရုတ်နည်းပညာမူဝါဒများနှင့် ပတ်သက်ကာ အမေရိကန်နှင့် အငြင်းပွားမှုကို ဖြေရှင်းရန် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုကျဆင်းခြင်းသည် တရုတ်အပေါ် ဖိအားပိုဖြစ်စေသည်။ ဇန်နဝါရီလ ပထမပတ်က အမေရိကန်နှင့်တရုတ်အရာရှိများ၏ သုံးရက်ကြာ ဆွေးနွေးညှိနှိုင်းမှုတွင် ၎င်းတို့ နောက်ထပ်ဘာလုပ်မည်ဆိုသည့်အပေါ် သဘောတူညီချက် တစ်စုံတစ်ရာမရရှိဘဲ အဆုံးသတ်ခဲ့သည်။
အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီများနှင့် တစ်ဦးချင်းစီအတွက် ဝင်ငွေအများဆုံးပမာဏကို မြှင့်တင်ခြင်းနှင့် အခွန်နှုန်းထားလျှော့ချခြင်းကဲ့သို့ အတိအကျ ဆောင်ရွက်ချက်များအပါအဝင် ၂၀၁၉ ခုနှစ်အတွက် အစီအစဉ်များကို ဇန်နဝါရီ ၁၅ ရက်က အကြမ်းဖျင်းဖော်ပြခဲ့သည်။ ယခုနှစ်အတွက် အခွန်ငွေလျှော့ချမှု ပမာဏသည် ယွမ် ၁ ဒသမ ၃ ထရီလျံ (ဒေါ်လာ ၁၉၀ ဘီလျံ) ခန့်ရှိလိမ့်မည်ဟု ဘဏ္ဍာရေးလက်ထောက် ဝန်ကြီး ရှုဟွန်ကိုင်က ပြောကြားခဲ့သည်။

















