မီးခိုးမြူများကြောင့် အာရှ မိုးလေဝသ သတိပေးမှုတိုးလာ

မီးခိုးမြူများကြောင့် အာရှ မိုးလေဝသ သတိပေးမှုတိုးလာ

ဘန်ကောက်-ရာသီဥတုဖောက်ပြန်မှုများကြောင့် ဆိုးရွားလာသည့် ထူးထူးခြားခြား မြင့်မားလာသော မီးခိုးမြူအဆင့်များကြောင့် အာရှတစ်ခွင် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

ထိုင်းနိုင်ငံ၏ မြူဆိုင်းနေသော ဘန်ကောက်မြို့တော်က အာဏာပိုင် များသည် နှာခေါင်းစည်းများကို ဖြန့်ဝေရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးများကို ဥပဒေအတိုင်း လိုက်နာစေမှုကို အရှိန်မြှင့်ရန် ဆုံးဖြတ်ကြသည်။ "ဒီဟာတွေဟာ ယာယီ ဖြေရှင်းနည်းတွေဖြစ်ပေမဲ့ ကျွန်တော်တို့ လုပ်ရမှာပါ။ ရေရှည်ဆောင်ရွက်မှုတွေကို လည်း အကောင်အထည်ဖော်မယ်" ဟု ဇန်နဝါရီ ၁၄ ရက်၌ ပြုလုပ်သည့် စစ်တပ်၊ ရဲ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် အခြားတာဝန်ရှိသူများ၏ အစည်းအဝေး ၌ ရဲချုပ် အက်စဝင် ကွမ်မောင်းက ပြောပြသည်။

ဘန်ကောက်မြို့တွင် နှာခေါင်းစည်း (Mask) ၁၀,ဝ၀ဝ ဖြန့်ဝေနေပြီး ဖုန်မထရန် ရေဖျန်းပေးနေကာ မြို့လမ်းများကို ထရပ်ကားကြီးများ အသုံးပြုနိုင်သည့်အခါ ထိန်းချုပ်မှုကို တင်းကျပ်နေသည်။ အဆုတ်များကို အန္တရာယ်ရှိစွာ ပိတ်ဆို့နိုင်သည့် သေးငယ်သော အမှုန် အသွင်ရှိ အရာဝတ္ထုများဖြစ်သော PM2.5 ၏ မြင့်မားသော အဆင့်များ ထက်ဝက်သည် ဒီဇယ်အင်ဂျင်ထုတ်လွှတ်မှုများကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်း မှုထိန်းချုပ်ရေးဌာနက ဆိုသည်။

တောင်ကိုရီးယားတွင် ထူးထူးခြားခြား မြင့်တက်နေသော PM2.5 အဆင့်များကြောင့် ကျန်းမာရေး အန္တရာယ်ကို လျော့သွားစေရန် အရေးပေါ်ဆောင်ရွက်မှု များပြုလုပ်ကြသည်။ လွန်ခဲ့သော တနင်္လာနေ့ မွန်းလွဲပိုင်း အချိန်တွင်ရှိသော တစ်ကုဗမီတာတွင် နေ့စဉ်ပျမ်းမျှ မိုင် ၁၂၀ မိုက်ခရိုဂရမ်သည် အဆိုးရွားဆုံးဖြစ်သည်ဟု နိုင်ငံ၏ National Institute of Environmental Research က ဆိုသည်။ တရုတ်နိုင်ငံမြောက်ပိုင်းမှ ညစ်ညမ်းမှုသယ် ဆောင်သည့်လေ လျင်မြန်စွာ ဖြတ်သန်းလာသောအခါ ၎င်းတို့၏ ထပ်တလဲလဲ အကျိုးသက်ရောက်မှုကို တောင် ကိုရီးယားနိုင်ငံက နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။

သို့သော် ကားမှဓာတ်ငွေ့ထုတ်လွှတ်မှုများသည်လည်း ပြဿနာတစ်ခုဖြစ်သည်။ ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှုပြဿနာသည် ရာသီဥတုပေါ် တစ်စိတ်တစ်ပိုင်း မှီတည်ကာ အတက်အကျ ဖြစ်နေသည်။ အာရှ၏ ကျန်ဒေသများကဲ့သို့ သီးနှံရိတ်သိမ်းပြီးနောက် လယ်ကွင်းများ မီးရှို့ခြင်းသည် အချို့ အချိန်ကာလများတွင် အလွန်အကျွံ မီးခိုးမြူများကို ဖြစ်စေနိုင်သည်။ နွေဦး မီးခိုးမြူသည် ထိုင်းနိုင်ငံသို့ အချိန်စောစွာ ရောက်ခဲ့သည်။ ရေရှည်ဖြေရှင်းနည်းတွင် လျှပ်စစ်ကားများနှင့် အရည်အသွေး ပိုကောင်းသော ဓာတ်ဆီသို့ပြောင်းလဲအသုံးပြုခြင်း ပါဝင်သည်ဟု ထိုင်းပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန အကြီးအကဲ ပရာလောင်းဒမ်ရောင်ထိုင်းက ဆိုသည်။ ရာသီဥတုပုံစံများအရ ဘန်ကောက်သည် ညစ်ညမ်းသည့်လေကို သုံးလကြာ ခါးစည်းခံရဦးမည်ဟု ၎င်းကဆိုသည်။

အထူးသဖြင့် မီးခိုးမည်းများ ထုတ်လွှတ်သည့်ကားများ နှင့် ထရပ်ကားကြီးများ စစ်ဆေးခံရသောအခါ ပြည်သူ များ၏ နားလည်မှုတောင်းဆိုခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ၎င်းကဆိုသည်။ အိန္ဒိယမြို့ကြီးများသည် ကမ္ဘာပေါ်တွင် မီးခိုးမြူအထူထပ်ဆုံးဖြစ်ပြီး ပြဿနာကို ဖြေရှင်းရန် စတင်ဆောင်ရွက်နေသည်။ အိန္ဒိယနိုင်ငံ၏ အထိအနာဆုံး မြို့ကြီး ၁၀၂ မြို့တွင် ၂၀၁၇ ခုနှစ် အဆင့်များမှ လေထုညစ်ညမ်းမှုကို ရာခိုင်နှုန်း ၃၀ လျှော့ချရန် ငါးနှစ်စီမံကိန်းတစ်ခုကို အိန္ဒိယအစိုးရက ဇန်နဝါရီ ၁၃ ရက်၌ ကြေညာခဲ့သည်။ အဓိကရည်ရွယ် ထားသည့် ကိစ္စများတွင် လယ်ယာစွန့်ပစ္စည်းများ၊ ထင်းနှင့် မီးသွေးမီးရှို့ခြင်းကို လျှော့ပစ်ရန် အပူဓာတ်နှင့် ဆိုင်သော စွမ်းအင်နှင့် မော်တော်ကားများမှ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အုတ်ထုတ်လုပ် ခြင်းနှင့် ဆောက်လုပ်ရေးမှ ဖုန်များထိန်းချုပ်ခြင်းများ ပါဝင်သည်။ ထိုစီမံကိန်းသည် ဥပဒေနှင့်အရေးယူမှု၊ ငွေကြေးထောက်ပံ့ခြင်းတို့တွင် အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်း ဝေဖန်ရေးသမားများကဆိုသည်။

ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။