မသင်္ကာသူ ၂ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာက မီးခံသေတ္တာခိုးမှုပေါ်ပေါက်

မသင်္ကာသူ ၂ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာက မီးခံသေတ္တာခိုးမှုပေါ်ပေါက်

မြဝတီမြို့နယ်တွင် မသင်္ကာသူ ၂ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာက  ရွှေထည် ပစ္စည်းများနှင့်ငွေများထည့်ထားသည့် မီးခံသေတ္တာခိုးယူမှုပေါ်ပေါက်ခဲ့ပြီး ကွင်းဆက်ပါဝင်သူ တစ်ဦးကို လည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၃)ရပ်ကွက်  အေးသာယာ(၃)လမ်း၌ မသင်္ကာဖွယ်တွေ့ရှိသူ ထက်လင်း(ခ) မျောက်စပတ် (၁၇ နှစ်)နှင့် ပြည့်ဖြိုးသိန်း(ခ)ကတုံး(၂၈ နှစ်)တို့နှစ်ဦးကို နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ချမ်းမွန် နှင့်အဖွဲ့က တွေ့ရှိ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် မြဝတီမြို့ အောင်မြေရွှေဘုံ ၃ လမ်း​နေ အမျိုးသားကြီးက ၎င်းခရီးသွားနေစဉ် နေအိမ်အိပ်ခန်းအတွင်းထားရှိသည့် မီးခံသေတ္တာ ခိုးယူခံကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ပြီး သက်ဆိုင်ရာက (ပ) ၉၇၃/၁၈ ဖြင့် အမှုဖွင့် စုံစမ်းနေသည့် မီးခံသေတ္တာခိုးယူခံရမှုမှ ပြစ်မှုကျူးလွန်ပြီးရှောင်တိမ်းနေသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ကာ ယင်းမီးခံသေတ္တာကို တစ်ရပ်ကွက်တည်းနေ စောထူး(ခ)အောင်ကိုဝင်း ထံ အပ်နှံခဲ့ကြောင်း ထွက်ဆိုသဖြင့် စောထူး(ခ)အောင်ကိုဝင်း (၃၄ နှစ်)၏ နေအိမ်ကို သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် ၄င်းနေအိမ်ရှေ့တွင် ရပ်ထားသည့် မတ်တူးအမျိုးအစား မော်တော်ယာဉ် ကို အမှုဖြင့်သိမ်းဆည်းခဲ့သည်။

၄င်းတို့ ခိုးယူခဲ့သည်ဆိုသည့် မီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်း ၆ မျိုး၊ မြကျောက်အသေး ၁၆ လုံး၊ငွေစုစာအုပ်တစ်အုပ်၊ အဝေးသင်တက္ကသိုလ် ကျောင်းသားကတ်တစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ် လေးခု၊ မြန်မာငွေရောရာ (၁၁,၂၄၀ဝ၀)ကျပ် မြေအရောင်းအဝယ်စာချုပ် နှစ်စောင်တို့ကို သိမ်းဆည်းရမိခဲ့ပြီး စောထူး(ခ)အောင်ကိုဝင်း၏ အိပ်ခန်းခေါင်းအုံးအောက်မှ ME အမျိုးအစား ရွှေအိုရောင်ဖုန်းတစ်လုံး၊ ထိုင်းရွှေဘတ်ကြိုး ၂ ကုံး၊ကျောက်ဆူးပုံလော့ ကတ်သီးတစ်ခု၊ အုတ်ပုံလက်စွပ် တစ်ကွင်းတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

မြဝတီမြို့မရဲစခန်းက (ပ)၉၇၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။