တရုတ် ဟွာဝေး နည်းပညာကုမ္ပဏီအရှိန်အဝါကြီးမားလာမှုကို နိုင်ငံအချို့ စိုးရိမ်

တရုတ် ဟွာဝေး နည်းပညာကုမ္ပဏီအရှိန်အဝါကြီးမားလာမှုကို နိုင်ငံအချို့ စိုးရိမ်

ဟွာဝေးနည်းပညာကုမ္ပဏီသည် ယခုခေတ်သစ်တွင် အအောင်မြင်ဆုံး တရုတ် လုပ်ငန်းစုကြီးများအနက် တစ်ခု ဖြစ်လာခဲ့သည်။

ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်သော ဟွာဝေးကုမ္ပဏီသည် မကြာသေးမီကပင်ကမ္ဘာတစ်ဝန်းလုံးတွင် ဆယ်ဘာဖုန်းများရောင်းချရာ၌ အက်ပဲလ်ကို ကျော်လွန်ကာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်လာခဲ့သည်။ ပေကျင်း၏ ဒစ်ဂျစ်တယ် ပိုးလမ်းမ၏ အဓိကကျသော အစိတ်အပိုင်းအဖြစ် နိုင်ငံ ၁၇၀ ကျော်တွင် ဟွာဝေးဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီက အတည်ပြုခဲ့သည်။

တရုတ် လုံခြုံရေးဝန်ဆောင်မှုများနှင့် ဟွာဝေးကုမ္ပဏီ ဆက်နွှယ်မှုများ ဆက်လက်ရှိနေမည်ဟု နိုင်ငံအချို့က သုံးသပ်လျက်ရှိပြီး အဆိုပါကုမ္ပဏီကို စစ်ဆေးရန် တိုက်တွန်းလျက်ရှိသည်။ နိုင်ငံအချို့က အထူးသဖြင့် ပဉ္စမမြောက်မျိုးဆက် မိုဘိုင်းကွန်ရက် တိုးမြှင့်ရန် ဟွာဝေး နည်းပညာအသုံးပြုမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးစေလိုသည်။

ကုမ္ပဏီ၏ နောက်ခံက အစိုးရအချို့ကို စိုးရိမ်စေသည့် နောက်ထပ် အခြေခံအကြောင်းရင်း တစ်ခုဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များကာလတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အင်ဂျင်နီယာဟောင်း  Ren Zhengfei က ဟွာဝေးကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ဟွာဝေးကုမ္ပဏီသည် ကုမ္ပဏီအတွင်း စစ်တပ်ဆန်ဆန် အုပ်ချုပ်မှုဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။

ဟွာဝေးနည်းပညာကုမ္ပဏီက ထောက်လှမ်းရေး စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ငြင်းပယ်ခဲ့ကာ နိုင်ငံများ၏ တရားဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်း၏ မဟာမိတ်နိုင်ငံများကို ဟွာဝေးနည်းပညာ အသုံးပြုနေမှုနှင့် ပတ်သက်ပြီး နှစ်ကြိမ်စဉ်းစားရန် အမေရိကန်နိုင်ငံက တွန်းအားပေးခဲ့သည်။ အမေရိကန်နိုင်ငံ၏ လုပ်ငန်းများက ဟွာဝေးနည်းပညာအသုံးပြုမှုကို ရှောင်ကြဉ်ခဲ့သော်လည်း အမေရိကန် လုပ်ငန်းအချို့က ဟွာဝေးနည်းပညာကို အသုံးပြုလျက်ရှိသည်။

အမေရိကန် ပိတ်ဆို့အရေးယူမှု ဥပဒေကို ဟွာဝေးကုမ္ပဏီက ချိုးဖောက်ခဲ့သည်ဟု ကုမ္ပဏီက စွပ်စွဲခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နှင့် ဆီးရီးယားနိုင်ငံသို့ အမေရိကန်နည်းပညာ တင်ပို့ခြင်း၊ သို့မဟုတ် ပြန်လည်တင်ပို့ခြင်းများဖြင့် ပိတ်ဆို့အရေးယူမှု ဥပဒေများ ချိုးဖောက်ခဲ့ခြင်းကြောင့် ဟွာဝေးနည်းပညာကုမ္ပဏီကို အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနများက တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သည်။

ကနေဒါအစိုးရကလည်း အမေရိကန်နိုင်ငံမှ ဟွာဝေးနည်းပညာ ပဉ္စမမြောက်မျိုးဆက် မိုဘိုင်းကွန်ရက်အခြေခံအဆောက်အအုံအသုံးပြုမှု ပိတ်ပင်ရန် ဖိအားပေးခြင်းခံနေရသည်။ အမေရိကန်နိုင်ငံ ဆက်သွယ်ရေးစနစ်များက ကနေဒါနိုင်ငံနှင့် ရောယှက်နေသည့်အတွက် ကနေဒါနိုင်ငံတွင် ဟွာဝေးနည်းပညာ အသုံးပြုမှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အမေရိကန် ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအစား ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သည်ဟု စွဲချက်ဖြင့် ဟွာဝေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပိုလန်နိုင်ငံအာဏာပိုင်များက ယခုသီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။ ပိုလန်နိုင်ငံတွင် ဟွာဝေးကုမ္ပဏီ၏ အဓိက စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ကိုင်လျက်ရှိသော ပိုလန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် ဟွာဝေးကုမ္ပဏီနှင့် နောက်ထပ်တရုတ်နည်းပညာ ကုမ္ပဏီဖြစ်သော ZTE တို့ နိုင်ငံအတွင်း ပဉ္စမမြောက်မျိုးဆက် မိုဘိုင်းကွန်ရက် ဆောင်ရွက်နေမှုကို ပိတ်ပင်ခဲ့ကြောင်း သြစတြေးလျအစိုးရကထုတ်ပြန်ခဲ့သည်။ ပဉ္စမမြောက်မျိုးဆက် မိုဘိုင်းကွန်ရက်တွင် ပါဝင်သော နည်းပညာက ဟွာဝေးကုမ္ပဏီကို နိုင်ငံအတွက် အလားအလာရှိသော လုံခြုံရေး အန္တရာယ်တစ်ခုဖြစ်လာစေကြောင်း သြစတြေးလျ ထောက်လှမ်းရေးအရာရှိများက ရှင်းပြခဲ့သည်။

ပိုလန်တွင် အဖမ်းခံခဲ့ရသော ဟွာဝေး ဝန်ထမ်းကို ဟွာဝေးကုမ္ပဏီကလည်း ကုမ္ပဏီနာမည်ပျက်စေမှုဖြင့် အလုပ်ထုတ်ပစ်ခဲ့သည်။ "ပိုလန်နိုင်ငံဥပဒေ ချိုးဖောက်မှုဖြင့် အဖမ်းခံခဲ့ရသည့် ဝမ်ဝီဂျင်ကို ဟွာဝေးက အလုပ်ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း၊ ၎င်း၏လုပ်ရပ်များသည် ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိတော့ကြောင်း" ဟွာဝေး ကုမ္ပဏီက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသား ဝမ်ဝီဂျင်သည် ကုမ္ပဏီအရောင်းဆိုင်ရာ ထိပ်တန်းညွှန်ကြားရေးမ·း တစ်ဦးဖြစ်ပြီး ပိုလန်နိုင်ငံ တရုတ်သံရုံးတွင် စစ်သံမှူးအဖြစ် ၂၀ဝ၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဟွာဝေးကုမ္ပဏီ တည်ထောင်သူ၏ သမီး မုန်ဝမ်ကျုတ် ကနေဒါနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး အီရန်နိုင်ငံကို အရေးယူပိတ်ဆို့ထားမှုဥပဒေဖြင့် စွဲချက်တင်ခံခဲ့ရသည်။

မုန့်ဝမ်ကျုတ် ဖမ်းဆီးခံခဲ့ရပြီးနောက် ၁၀ ရက်အကြာတွင် တရုတ်နိုင်ငံက ကနေဒါနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသားလုံခြုံရေးဥပဒေဖြင့် စွဲချက်တင်ခဲ့သည်။ ဖမ်းဆီးခံရသူ သံအမတ်ဟောင်း မိုက်ကယ် ကိုဗရစ်နှင့် စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ် စပါဗာတို့မှာ ၎င်းတို့၏ မိသားစု၊ ရှေ့နေတို့ဖြင့် တစ်လကျော်အကြာ အဆက်အသွယ် ဖြတ်တောက်ခံခဲ့ရသည်။

ခန့်လင်းဦး ဘာသာပြန်သည်။