ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် လားရှိုးမှ ရန်ကုန်သို့မောင်းနှင်လာသည့် ခရီးသည် တင်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာက ဇန်နဝါရီ ၁၇ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။
ဇန်နဝါရီ ၁၆ ရက် ညသန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် မူးယစ်ရဲတပ်ဖွဲ့စု (၁၇ )မှတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လားရှိုးမှ ရန်ကုန်သို့ မောင်းနှင် လာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် ထိုင်ခုံအမှတ် ၁၉/၂၀ ၌လိုက်ပါလာသည့် အင်းစိန်မြို့နယ်နေ မချိုပြုံး( ၂၆ နှစ်) နှင့် တင်ငွေ(ခ) ဖိုးထောင် (၂၈ နှစ်)တို့ ၂ ဦးကို မသင်္ကာသဖြင့် ရှာဖွေခဲ့သည်။
မချိုပြုံးထိုင်သည့်ခုံအမှတ် ၁၉ ထိုင်ခုံ အောက်တွင် လေဘယ်ကတ်ချိတ် ဆွဲထားသည့် ခရီးဆောင် လက်ဆွဲအိတ်အတွင်းမှ စိတ်ကြဆေးပြား ၅၀ဝ၀ဝ ပြား နှင့် တင်ငွေ(ခ) ဖိုးထောင် ထိုင်နေသည့် ခုံအမှတ် ၂၀ ထိုင်ခုံအောက် မှလေဘယ်ကတ်ချိတ်ဆွဲထားသည့် ကျောပိုးအိတ် အတွင်းမှ စိတ်ကြွ ဆေးပြား ၅၀ဝ၀ဝ ပြား တို့ကို အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အုန်းချောနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးဥပဒေပုဒ်မ ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

















