ဆီးရီးယားတွင် ဇန်နဝါရီ ၁၆ ရက်က အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်နှစ်ဦးနှင့် အရပ်သားနှစ်ဦးအပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့ရပြီးနောက် အိုင်အက်စ်များပြိုကွဲပြီဆိုကာ ဆီးရီးယားမှ အမေရိကန်တပ်ရုပ်ရေးအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာသည်။
ဆီးရီးယားအရှေ့မြောက်ပိုင်း မန်ဘိဂျ်မြို့တွင် စားသောက်ဆိုင်တစ်ဆိုင်ကို အိုင်အက်စ်က အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်က အမေရိကန်စစ်သည် ၂၀ဝ၀ ကိုပြန်လည်ရုပ်သိမ်းရန် သမ္မတထရမ့်၏ဆုံးဖြတ်ချက်ကို နောက်ထပ်ဝေဖန်ပြစ်တင်စရာ ဖြစ်လာသည်။
ဖြစ်ရပ်တွင် အခြားအမေရိကန်စစ်သည်သုံးဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၅ ခုနစ်မှစတင်၍ ဆီးရီးယား၌ အမေရိကန်တပ်များပါဝင်ပတ်သက်ခဲ့သည့်နောက် အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်သည်။ သေဆုံး အမေရိကန်အရပ်သားနှစ်ဦးအနက်တစ်ဦးမှာလည်း ကာကွယ်ရေးထောက်လှမ်းရေး အေဂျင်စီအတွက် လုပ်ကိုင်နေသည့် ထောက်လှမ်းရေးကျွမ်းကျင်သူဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးနှင့်ထိပ်တန်းအရာရှိနုတ်ထွက်ခဲ့ပြီး မဟာမိတ်များလည်း စိုးရိမ်ပူပန်စေခဲ့သည့် တပ်ရုပ်ရေး ဆုံးဖြတ်ချက်ကို သမ္မတထရမ့်ကာကွယ်ပြောကြားခဲ့ကာ အလျဉ်စလိုရုပ်သိမ်းမည်မဟုတ်ဟု နှစ်သိမ့်ခဲ့ပြီးဖြစ်သည်။
ဒုတိယ သမ္မတမိုက်ပန့်စ်ကလည်း အိုင်အက်စ်ပြိုကွဲကာ ၄င်းတို့ကွန်ရက်ပျက်စီးခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်၌ ပြောဆိုခဲ့သည်။ ယင်းနောက် အမေရိကန်များသေဆုံးသည့်သတင်းထွက်ပေါ်လာရာ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သော်လည်း တပ်ရုပ်မည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။
ထရမ့်ထောက်ခံသူ အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်ကပင် တပ်ရုပ်ရေးသည် မဟာမိတ်များအတွက် မရေရသည့်အခြေအနေဖန်တီးရာရောက်မည်ကိုစိုးရိမ်ပူပန်ကြောင်း ယင်းရက်မှာပင် ပြောဆိုခဲ့သည်။ မန်ဘိဂျ်မြို့သည် အမေရိကန်နောက်ခံပြု ဆီးရီးယားကာ့ဒ်များ ထိန်းချုပ်နယ်မြေ၏အနောက်ဖျားဒေသဖြစ်သည်။ ၄င်းတို့သည် မန်ဘိဂျ်ကို ၂၀၁၆ ခုနှစ်တွင် ဆီးရီးယားထံမှ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကာ့ဒ်တို့ကိုရန်သူအဖြစ်ရှုမြင်သည့် တူရကီတို့နှင့် ရင်ဆိုင်ရဖွယ် အလားအလာရှိသည့်ဒေသထဲ ပါဝင်သည်။

















