ထရီဆာမေအပေါ် အယုံအကြည်မရှိအဆို လွှတ်တော်၌ရှုံးနိမ့် ဗြိတိန်အစိုးရအသက်ဆက်ပြီး ဘရက်ဇစ်အရေးရုန်းကန်ခွင့်ရ

ထရီဆာမေအပေါ် အယုံအကြည်မရှိအဆို လွှတ်တော်၌ရှုံးနိမ့် ဗြိတိန်အစိုးရအသက်ဆက်ပြီး ဘရက်ဇစ်အရေးရုန်းကန်ခွင့်ရ

ဘရက်ဇစ်စာချုပ် လွှတ်တော်အတည်ပြုမှု မရရှိခြင်းကြောင့် ဝန်ကြီးချုပ်ထရီဆာမေအပေါ် အယုံအကြည်မရှိကြောင်း အတိုက်အခံလေဘာပါတီ၏အဆိုတင်သွင်းမှုကို ဇန်နဝါရီ ၁၆ ရက်က ဗြိတိန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အဆိုအရေးနိမ့်ခဲ့သဖြင့် ထရီမေအစိုးရရှင်သန်ပြီး ဘရက်ဇစ်အရေး ဆက်လက်ရုန်းကန်ခွင့်ရခဲ့သည်။

အစိုးရပြုတ်ကျပြီး အထွေထွေရွေးကောက်ပွဲနှင့်ရင်ဆိုင်ရနိုင်သည့်အရေးကို မေသည် မဲအရေအတွက် (၃၂၅ မဲ၊ ၃၀၆ မဲ) ကွာဟချက်ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဗြိတိန် ဥရောပသမဂ္ဂ(အီးယူ)မှထွက်ခွာရေး (ဘရက်ဇစ်)ကို ရှေ့တိုးဆောင်ရွက်ရန် နည်းလမ်းရှာဖွေခွင့်ရရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင်များအပါအဝင် ဗြိတိန်အမတ်များနှင့် အပြုသဘောဆောင် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း မေက ပြောဆိုခဲ့သည်။

အီးယူမှဗြိတိန်ခွဲထွက်ရေး(ဘရက်ဇစ်)ကို ၂၀၁၆ ခုနှစ်က ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်ဖြင့် ဗြိတိန်က ဆုံးဖြတ်ခဲ့သည်။ ယင်းနောက် ထရီဆာမေဝန်ကြီးချုပ်ဖြစ်လာပြီး ထွက်ခွာရေးဆောင်ရွက်ခဲ့ရာ ၄င်းအစိုးရနှင့် အီးယူခေါင်းဆောင်များ အကြား ထွက်ခွာရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ယင်းစာချုပ်ကို ဗြိတိန်အောက်လွှတ်တော်က ဇန်နဝါရီ ၁၅ ရက်၌ မဲအပြတ်အသတ်ဖြင့် ပယ်ချခဲ့ပြီး ခေတ်သစ်သမိုင်း၌ ဗြိတိန်အစိုးရတစ်ရပ်၏ အကြီးကျယ်ဆုံး ရှုံးနိမ့်မှုအဖြစ် တွင်ရစ်သည်။

ထို့ကြောင့် ထရီဆာမေအပေါ် အယုံအကြည်မရှိအဆိုကို အတိုက်အခံလေဘာခေါင်းဆောင် ဂျရယ်မီကိုဘန်က တင်သွင်းခဲ့သော်လည်း ယင်းအဆိုတွင် မေကအောင်နိုင်ခဲ့ခြင်းဖြစ်သည်။

၄င်းအဆိုရှုံးနိမ့်ခဲ့ပြီးနောက် ကိုဘန်က မေအနေဖြင့် ထွက်ခွာရေးစာချုပ်မပါဘဲ အီးယူမှဗြိတိန်နုတ်ထွက်မှုမပြုရေး အာမခံချက်ပေးရန် တောင်းဆိုခဲ့သည်။ မေက ထွက်ခွာရေး မည်သို့ဆက်လက်လုပ်ဆောင်မည်ကို ဇန်နဝါရီ ၂၂ ရက်၌ လွှတ်တော်တွင် ထပ်မံ တင်ပြရမည်ဖြစ်သည်။

အီးယူစည်းမျဉ်းအရ အီးယူမှထွက်ခွာရန်ညှိနှိုင်းမှုအတွက် အချိန်နှစ်နှစ်ရခဲ့ရာ ယင်းလုပ်ငန်းစဉ်ကို မေသည် ၂၀၁၇ ခုနှစ် မတ် ၂၉ ရက်တွင် စတင်ခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်မတိုင်မီ ညှိနှိုင်းမှုပြီးပြတ်ရမည်ဖြစ်သည်။

အကယ်၍ ညှိနှိုင်းမှုမအောင်မြင်ပါက ယင်းအချိန်တွင် ဗြိတိန်သည် ကွာရှင်းစာချုပ်မပါဘဲ ကွာရှင်းပြတ်စဲသကဲ့သို့ အီးယူနှင့် ပြတ်စဲရမည်ဖြစ်ရာ ယင်းသို့ မဖြစ်ပေါ်စေရန် ဗြိတိန်နိုင်ငံရေးသမားများ ကြိုးပမ်းနေကြခြင်းဖြစ်သည်။