မလေးရှား ဝမ်းအမ်ဒီဘီ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး ဂိုးလ်မန်း အကြီးအကဲ တောင်းပန်

မလေးရှား ဝမ်းအမ်ဒီဘီ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး ဂိုးလ်မန်း အကြီးအကဲ တောင်းပန်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်နှင့် ဆက်စပ်နေသော ဝမ်းအမ်ဒီဘီ ငွေကြေးအရှုပ်တော်ပုံတွင် နိုင်ငံတကာငွေကြေးလုပ်ငန်း ဂိုးလ်မန်း ရှက်စ်၏ အကြီးအကဲဟောင်းတစ်ဦး ပါဝင်ပတ်သက်ခဲ့သည့် အတွက် မလေးရှားနိုင်ငံကို တောင်းပန်ပါကြောင်း ဂိုးလ်မန်း အကြီးအကဲသစ် ဒေးဗစ် ဆော်လ်မွန်က ထုတ်ပြန်ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ အခြေခံအဆောက်အအုံ အဆင်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် ထူထောင်ခဲ့သော ဝမ်းအမ်ဒီဘီ ရန်ပုံငွေထဲမှ ဒေါ်လာ ဘီလီယံချီ အလွဲသုံးစားလုပ်ခံခဲ့ရခြင်းကိစ္စတွင်မူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ ထိုစဉ်က တာဝန်ရှိသူများသည် ရန်ပုံငွေနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ၌  ဂိုးလ်မန်း ကုမ္ပဏီကိုလည်း လှည့်စားခဲ့ကြောင်းဖြင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ဆော်လ်မွန်က ပြောသည်။

မလေးရှားသည် ဂိုးလ်မန်းကုမ္ပဏီကို ပြီးခဲ့သည့်လက အမှုဖွင့်ခဲ့သည်။ ဂိုးလ်မန်းသည် ဝမ်းအမ်ဒီဘီ ရန်ပုံငွေများကို ခဝါချနိုင်ရန် မလျော်ကန်သော နည်းလမ်းများဖြင့် ကူညီခဲ့သည်ဟု မလေးရှားအစိုးရက စွပ်စွဲထားသည်။ အမေရိကန်နှင့် အခြားနိုင်ငံများသည်လည်း ဝမ်းအမ်ဒီဘီ အရေးတွင် ဂိုးလ်မန်းပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဂိုးလ်မန်း ကုမ္ပဏီ၏ အရှေ့တောင်အာရှဥက္ကဋ္ဌ တင်မ် လိုင်နာသည် ငွေမည်းခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့သည့်လက အမေရိကန်တွင် ဝန်ခံခဲ့ပြီးဖြစ်သည်။ မစ္စတာ လိုင်နာသည် ၂၀၁၆ ခုနှစ်က ဂိုးလ်မန်းမှ နုတ်ထွက်ခဲ့သည်။

ဂိုးလ်မန်း တာဝန်ရှိသူတစ်ဦးအနေဖြင့် မစ္စတာ လိုင်နာ ကျူးလွန်ခဲ့သော  လုပ်ရပ်များအတွက် မလေးရှားပြည်သူများကို တောင်းပန်ပါကြောင်း မစ္စတာ ဆော်လ်မွန်က ပြောသည်။

မစ္စတာ လိုင်နာနှင့် ပူးပေါင်းကြံစည်သူများသည် အချက်အလက်များ ထိန်ချန်ကာ ဂိုးလ်မန်း ကုမ္ပဏီမှ စာရင်းစစ်များကိုလည်း လှည့်စားခဲ့ကြကြောင်း မစ္စတာ ဆော်လ်မွန်က ပြောသည်။