အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ပုလဲ လုပ်ကွက်တစ်ခု၌ တရားမဝင် မွေးမြူထားသော မိချောင်းကို အစာကျွေးရင်း မိချောင်းကန်ထဲ ပြုတ်ကျသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဒေစီ တူဝို ဟု သိရသည်။ မိချောင်းသည် ၇၀ဝ ကီလိုဂရမ် အလေးချိန်ရှိပြီး မယ်ရီဟု အမည်ပေးထားသည်။
အမျိုးသမီး၏ လက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို မိချောင်းက ကိုက်ခဲ့ကြောင်း သိရသည်။ မိချောင်းပိုင်ရှင်ကို စုံစမ်းနေဆဲဖြစ်ပြီး လက်တလောတွင် မိချောင်းကို အစိုးရက လွှဲပြောင်းရယူ ထိန်းသိမ်းထားကြောင်း သိရသည်။ မစ္စ မူဝိုသည် ပုလဲမွေးမြူရေးလုပ်ကွက် ဓာတ်ခွဲခန်းမှူးဖြစ်ပြီး မိချောင်းကို အစာကျွေးစဉ် မိချောင်းကန်ထဲ ပြုတ်ကျခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ဖော်ကိုင်ဖက်များက မစ္စ မူဝို၏ ခန္ဓာကိုယ်ကို နောက်တစ်နေ့ နံနက်တွင်မှ မိချောင်းကန်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မစ္စ တူဝို၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ၄ ဒသမ ၄ မီတာရှည်သော မိချောင်း၏ ခန္ဓာကိုယ်အတွင်း၌သာ ရှိလိမ့်ဦးမည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။
ဆူလာဝေစီကျွန်း မြောက်ပိုင်း သဘာဝရင်းမြစ်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူ ဟန်းဒရစ် ရန်ဒန်ဂန်က ထိုပုလဲလုပ်ကွက်တွင် မိချောင်းတစ်ကောင် တရားမဝင် မွေးမြူထားကြောင်း သတင်းကြားသဖြင့် ယခင်ကတည်းက ဖယ်ရှားရန် အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း လုပ်ကွက်တာဝန်ရှိသူများက အဝင်မခံသဖြင့် မအောင်မြင်ခဲ့ကြောင်း ပြောသည်။
ပုလဲလုပ်ကွက်နှင့် မိချောင်းကိုပါ ပိုင်ဆိုင်သူမှာ ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်းသာ သိရပြီး ထိုသူကို စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေဆဲဖြစ်သည်။

















