လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြင့် အိုင်ဗရီကို့စ် သမ္မတဟောင်းလောရန့် ဘတ်ဘိုကို နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် စစ်ဆေးလျက်ရှိပြီးလွှတ်ပေးရန် တရားရုံးကဆုံးဖြတ်ခဲ့သော်လည်း လွှတ်ပေးလိုက်ပါက နောင်အမှုများအတွက် ရုံးသို့မလာဘဲ တိမ်းရှောင်သွားမည်ကို စိုးရိမ်ရကြောင်း အစိုးရရှေ့နေများက တန်ပြန်လျှောက်ထားခဲ့သဖြင့် ၎င်းကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
သည်ဟေ့ဂျ်မြို့ အခြေစိုက် နိုင်ငံတကာရာဇဝတ်ခုံရုံးက မစ္စတာဘတ်ဘိုကို လွှတ်ပေးရန် ဇန်နဝါရီ ၁၅ ရက်ကအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဇန်နဝါရီ ၁၆ တွင် အစိုးရရှေ့နေများက မစ္စတာဘတ်ဘိုကို လွှတ်ပေးလိုက်ပါက၊ နောက်တစ်ကြိမ် စစ်ဆေးရန်ကိစ္စ ပေါ်ပေါက်လာပါက တရားရုံးသို့ ပြန်ပေါ်လာတော့မည်မဟုတ်ကြောင်း လျှောက်ထားခဲ့သဖြင့် ပြန်လည် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်က အိုင်ဗရီကို့စ်ရွေးကောက်ပွဲ ဒုတိယအကျော့၌ ပြိုင်ဘက် အလက်ဆန် အော်တာရာကို ရှုံးနိမ့်ကြောင်း သမ္မတဘတ်ဘိုက လက်မခံခဲ့သဖြင့် ထောက်ခံသူများကြား အငြင်းပွားမှုများ ပေါ်ပေါက်၍ အကြမ်းဖက်မှုများကြောင့် လူ ၃၀ဝ၀ သေဆုံးကာ၊ ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရမှုနှင့် စပ်လျဉ်းပြီးထိုစဉ်ကသမ္မတအဖြစ် တာဝန်ယူခဲ့သောလောရန့် ဘတ်ဘိုကိုလူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ခဲ့ခြင်းဖြစ်သည်။
မစ္စတာဘတ်ဘိုကို ၂၀၁၁ ခုနှစ်တွင် သမ္မတနန်းတော်၌ ကုလသမဂ္ဂနှင့် ပြင်သစ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ တရားပြိုင်များဘက်က လျှောက်ထားချက်အရ မစ္စတာဘတ်ဘိုကို နိုင်ငံတကာရာဇဝတ်ခုံရုံးက ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်ဟု တရားရုံးသတင်းထုတ်ပြန်ရေး တာဝန်ရှိသူက ထုတ်ပြန်ခဲ့သည်။

















