ဖခင်ဖြစ်သူ၏နှိပ်စက်ညှဉ်းပန်းမှုမှကာကွယ်ပေးရန် နောက်ထပ်ဆော်ဒီအမျိုးသမီးတစ်ဦးတောင်းဆို

ဖခင်ဖြစ်သူ၏နှိပ်စက်ညှဉ်းပန်းမှုမှကာကွယ်ပေးရန် နောက်ထပ်ဆော်ဒီအမျိုးသမီးတစ်ဦးတောင်းဆို

မိသားစုထံမှ ထွက်ပြေးပြီး ကနေဒါတွင် ခိုလှုံနေသည့် အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေဗျသူ ရာဟာ့ဖ် အယ်လ်ကူနန်၏ဖြစ်ရပ်ကိုအားကျပြီး နောက်ထပ်ဆော်ဒီအမျိုးသမီးတစ်ဦးက ၎င်း၏ဖခင်ဖြစ်သူ၏နှိပ်စက်ညှဉ်းပန်းမှုများမှ ကာကွယ်ပေးပါရန် လူမှုမီဒီယာမှတစ်ဆင့် တောင်းဆိုလိုက်သည်။

နိုဂျိုး အယ်လ်မန်ဒီယက် ဆိုသည့် အမည်ဖြင့် တွစ်တာ၌ အကောင့်ဖွင့်ထားသော ယင်းအမျိုးသမီးသည် ဆော်ဒီအာရေဗျမှထွက်ပြေးခြင်းမပြုသလို မျက်နှာပုံကိုလည်း ဖော်ပြခြင်းမပြုခဲ့ချေ။ ဖြစ်အင်ကို တွစ်တာ၌ အာရဘီဘာသာဖြင့်ရေးသားပြီး အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

အယ်လ်ကူနန်နှင့် အယ်လ်မန်ဒီယက်တို့၏ဖြစ်ရပ်များ တူညီမှုမရှိသော်လည်း ယင်းအမျိုးသမီးနှစ်ဦးသည် ဖခင်အပါအဝင် မိသားစုဝင်များ၏ဖိနှိပ်မှုများကို လူမှုမီဒီယာမှတစ်ဆင့် ထုတ်ဖော်ခဲ့သည့် အခြားဆော်ဒီအမျိုးသမီးများ၏လုပ်ရပ်များကို ကိုယ်စားပြုနေသည်။

အယ်လ်ကူနန်၏ဖြစ်ရပ်ကြောင့် အခြားအမျိုးသမီးများ အားကျကာ စိတ်ခွန်အားရရှိခဲ့သော်လည်း အတားအဆီးများကရှိနေဆဲဖြစ်သည်။ ထွက်ပြေးသူများသည် အဖမ်းခံရပါက မိသားစုကို အရှက်ခွဲမှုဖြင့် ဆွေမျိုးများလက်ထဲတွင် သေဆုံးရဖွယ်ရှိနေသည်။

ဆော်ဒီ၌ အမျိုးသားများက အမျိုးသမီးများ၏ဘဝများကို ကြပ်မတ်ထိန်းကျောင်းခွင့်ရှိနေသည်။

ကြပ်မတ်မှုစနစ်သည် နေအိမ်တွင်စတင်ပြီး အမျိုသမီးများသည် ဖခင်များ၊ ခင်ပွန်းများနှင့် အစ်ကိုမောင်များ၏ပြောဆိုမှုကိုနာခံရမည်ဖြစ်သည်။ အိမ်အပြင်ဘက်တွင်လည်း နိုင်ငံသားများကို ဆော်ဒီအုပ်ချုပ်သူများက သားသမီးများအဖြစ် သတ်မှတ်ထားသည်။

ဆော်ဒီကိုအုပ်ချုပ်သူများသည် အမျိုးသမီးများကိုစောင့်ရှောက်ရန် အမျိုးသားများတွင်တာဝန်ရှိနေကြောင်း ယူဆထားသဖြင့် ကြပ်မတ်ထိန်းကျောင်းမှုစနစ်သည် စပ်စပ်ထိမခံသော ကိစ္စဖြစ်သည်။ ယင်းစနစ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများစွာ အဖမ်းခံခဲ့ရပြီးဖြစ်သည်။

အသက်အရွယ်မည်မျှကြီးရင့်သည်ဖြစ်စေ ဆော်ဒီအာရေဗျရှိ အမျိုးသမီးများသည် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ ခရီးသွားခြင်းနှင့် လက်ထပ်ခြင်းတို့အတွက် အမျိုးသားဆွေမျိုးတစ်ဦး၏ခွင့်ပြုချက်ကို ရယူရန်လိုအပ်သည်။