တရုတ်( တိုင်ပေ) ကျည်ဆန်အစစ်များသုံးပြီး စစ်ရေးလေ့ကျင့်

တရုတ်( တိုင်ပေ) ကျည်ဆန်အစစ်များသုံးပြီး စစ်ရေးလေ့ကျင့်

တရုတ်(တိုင်ပေ) စစ်တပ်သည် ဇန်နဝါရီ ၁၇ ရက်တွင် နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ကျည်ဆန်အစစ်များပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့သည်။

တိုင်ချွန်းမြို့အနောက်ဘက်ကမ်းရိုးတန်းကမ်းလွန်ရှိ ပစ်မှတ်များကို လက်နက်ကြီးများနှင့် တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များက ပစ်ခတ်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း ဆင်ချူးရှိ လေတပ်စ်ခန်းမှ ပြင်သစ်လုပ် မီရာ့တိုက်လေယာဉ်များကလည်း မိုးသည်းထန်စွာရွာသွန်းနေသည့် အခြေအနေမှာပင် ပျံသန်းလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရုတ်( တိုင်ပေ) ကိုလိုအပ်ပါက အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဇန်နဝါရီ ၂ ရက်တွင်ပြောဆိုခဲ့ပြီးနောက် တရုတ်( တိုင်ပေ) သည် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

တရုတ်( တိုင်ပေ)၏လွတ်လပ်ရေးလိုလားသော သမ္မတ ဆိုင်အင်ဝမ်က အမျိုးသားကာကွယ်ရေးသည် အဓိကဦးစားပေးဖြစ်ကြောင်းပြောဆိုခဲ့သော်လည်း တရုတ်( တိုင်ပေ)သည် တရုတ်၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အသိအမှတ်ပြုရန် တရုတ်က တောင်းဆိုခဲ့ခြင်းကိုမူ ငြင်းဆိုခဲ့သည်။

ယင်းကြောင့် တရုတ်အစိုးရသည် လူဦးရေ ၂၃ သန်းရှိသော တရုတ်( တိုင်ပေ)ကို စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေးဖိအားပေးမှုများပြုလုပ်ခဲ့သည်။

အမေရိကန်ရေတပ်စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ် ဂျွန်ရစ်ချတ်ဆင်နှင့် တရုတ်စစ်ဦးစီးချုပ် လီကျူးခန်းတို့သည် ဇန်နဝါရီ ၁၅ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ရာ လီက တရုတ်၏အချုပ်အခြာအာဏာကို ကာကွယ်ရေးအတွက် မည်သည့်အရာကိုမဆိုပေးဆပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ၁၉၄၉ ခုနှစ်တွင် တရုတ်( တိုင်ပေ) သည် ပြည်ပမကြီးမှ ခွဲထွက်ခဲ့သည်။