မြန်မာနိုင်ငံတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ အကြီးဆုံးတိုင်းဒေသကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရီးသွားရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်သတ္တပတ် (၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၃၁ ရက်အထိ)ကို သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရက ဦးဆောင်လို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် လှုပ်ရှားခဲ့ကြပါတယ်။
ရည်မှန်းချက်
ရည်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း ခရီးသွားများ ပိုမိုဝင်ရောက်လာ စေပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိလာစေရန်ဖြစ်ပါတယ်။ ဦးတည် ချက်ကောင်းများနဲ့ ဒီအစီအစဉ်မှာ ခရီးစဉ်လမ်း ကြောင်းအသစ်တွေ ဖော်ထုတ်ပြသခြင်း၊ ရထား လမ်းကြောင်းမှာ ဈေးနှုန်းသက်သာ၊ လူလည်း သက်သောင့်သက်သာဖြစ်စေပြီး ရှုခင်းသစ် များ ခံစားစေခြင်း၊ မြန်မာ့မီးရထားလုပ်ငန်း တိုးတက်လာစေခြင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရထားနဲ့ခရီးသွားကြရန် တိုက်တွန်းချက်ကို အကောင်အထည်ဖော်ခြင်း ဦးတည်ချက်များ ပါဝင်ပါတယ်။
ရေကြောင်းလမ်းမှာလည်း ဧရာဝတီအလှနဲ့ ဧရာဝတီလင်းပိုင်ကြည့်ရှုနိုင်ခြင်း၊ ရှေးမြန်မာ တို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပြသနိုင် ခြင်းဦးတည်ချက်များ ပါဝင်ပါတယ်။
ဒီအစီအစဉ်အရ မြန်မာနိုင်ငံတိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေထဲမှာ အကြီးဆုံးတိုင်းဒေသ ကြီးဖြစ်တဲ့ သဘာဝရင်းမြစ်မျိုးစြွုံကယ်ဝတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရီးစဉ်နေရာအသစ် များ ဖော်ထုတ်မိတ်ဆက်နိုင်ပါတယ်။ ဇလုံ တောင်၊ အင်းတော်ဂျပန်မြေအောက်ဆေးရုံ၊ အကြီးဆုံးစည်ကြီး၊ လင်းနို့ဂူ၊ နွယ်ငြိမ်းစဉ့်လုပ် ငန်း၊ နွယ်ငြိမ်း CBT၊ ရွှေကျွန်းသာရေလယ် အပန်းဖြေကျွန်း၊ အင်ဒေါင်း CBT၊ ရှိမ္မကား၊ မင်းကွန်း၊ စစ်ကိုင်းတောင်စသည်ဖြင့်ပါ။
လိုက်ပါကြသူများ
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရီးသွားရက် သတ္တပတ်လှုပ်ရှားမှု၌ အတူလိုက်ပါသူများမှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော် မတီဝင်များ၊ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း လူ ၁၀ဝ ကျော် လိုက်ပါခဲ့ကြတယ်။
ခရီးအစ ရွာထောင်က
ဒီဇင်ဘာ ၂၄ ရက် မနက် ၇ နာရီမှာ စာရေးဆရာရဲသျှမ်း မကြာခင်က ပြောင်းသွားတဲ့ ရွာထောင်ဘူတာက စထွက်ပါတယ်။ ၇ နာရီ ၁၅ မိနစ်မှာ စာရေးသူရဲ့မွေးဇာတိ စာရေးရွာ ဘူတာကို ဖြတ်သန်းတယ်။ အဲဒီနောက် ပဒူ၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ထန်းတပင် (ဇီးကုန်း)၊ ထန်းကုန်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း၊ ဇော်ချောင်း၊ ကိုးတောင်ဘို့၊ ကောလင်း၊ ဝန်းသို၊ နန်းခမ်း၊ မဲဇာဘူတာတွေမှာ ရပ်နားခဲ့ပြီး နဘား ဘူတာကို ညနေ ၆ နာရီမှာ ရောက်ခဲ့တယ်။
ကသာကို မော်တော်ကားတွေနဲ့ ဆက်လက် ထွက်ခွာကြပြီး ည ၈ နာရီမှာ ရောက်ရှိညအိပ် ခဲ့ကြပါတယ်။ ကသာမှာ စာရေးသူရဲ့စာပေ မိတ်ဆွေညိုကိုနိုင်(ကသာ) Katha Heritage Trust နဲ့ လင်းယုန်စာပေက ကိုမြင့်အောင် တို့ကို တွေ့ဆုံရတယ်။ လမ်းခရီးရပ်နားဘူတာ တွေမှာ ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေက ကြိုဆိုနှုတ်ဆက်ကြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ကျောင်းများကို ဘောလုံးများပါဝင်သော အားကစားပစ္စည်းများ၊ ဗလာစာအုပ်များလှူဒါန်း ခဲ့ပါတယ်။
ဇလုံတောင်သို့
ဒီဇင်ဘာ ၂၅ ရက် မနက် ၈ နာရီမှာ ကသာကနေဇလုံတောင်ကို မှန်လုံကားတွေနဲ့ ထွက်ခွာခဲ့ပြီး ၁၀ နာရီမှာ ဇလုံတောင် ခမိုး တောင်ခြေယာဉ်ရပ်နားစခန်း အကြိုဖွင့်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပေးခဲ့ပါတယ်။
ဇလုံတောင်ပေါ်သို့ အတူလိုက်ပါတဲ့ အဖွဲ့ ဝင် ၇၆ ယောက်အနက်မှ ထက်ဝက်ခန့်တက် ကြပြီး ဝန်ကြီးချုပ်နဲ့အချို့က ဗန်းမောက်မြို့ အနောက်ဘက်ရှိ စက်တောရွာ ဘုန်းတော် ကြီးကျောင်းကိုထွက်ခွာကာ သင်္ကန်း၊ ဝတ္ထု ငွေကျပ်ငါးသိန်းကပ်လှူပြီး ကျောင်းတော်မှာ သိမ်းဆည်းထားတဲ့ မင်းတုန်းမင်းရဲ့ မိဖုရား ခေါင်ကြီး လှူဒါန်းတယ်လို့ အဆိုရှိတဲ့ မကိုဋ်၊ အခင်းထည်များ၊ ကွမ်းအစ်၊ တိုးနရား စသည် တို့ကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။
အင်းတော်သို့
ဗန်းမောက်ကနေ အင်းတော်ကိုဆက်လက် ထွက်ခွာလာပြီး လက်ပန်ကုန်းရွာမှ ဆရာပွဲ ဗုံလုပ်ငန်းက တိုင်းအစိုးရသို့ လှူဒါန်းမယ့် အကြီးဆုံးစည်တော်ကြီးဖြစ်လာမယ့် စည်ကြီး ပြီးစီးတဲ့အခြေအနေကိုကြည့်ရှုခဲ့ကြပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ အင်းတော် မြို့ရှိ ဒုတိယကမ္ဘာစစ်က ဂျပန်မြေအောက် ဆေးရုံကြီး ပြန်လည်ဖော်ထုတ်မှုကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
အဆိုပါတောင်ကုန်းမှာ အုတ်ရိုးများပေါ် နေတဲ့တစ်နေရာ၊ လိုဏ်အဝင်ပေါက် နှစ်နေရာ တို့ကို အစအနတူးဖော်ထားပြီး တူးဖော်ရာမှာ တွေ့ရှိရသော သေနတ်နှစ်လက်၊ စစ်ခမောက် နှစ်လုံး၊ သံတိုသံစများ၊ ဂျပန်တံဆိပ်ပါ ပုလင်း ကွဲများကိုပြသထားပြီး ဂျပန်ခေတ်ကိုမီခဲ့ပြီး မြေအောက်ဆေးရုံအတွင်း ဝင်ရောက်ခဲ့ဖူးတဲ့ အဘိုးအိုသုံးယောက်တို့က ဆေးရုံသမိုင်းကို သိမှတ်သမျှရှင်းပြကြပါတယ်။
ဆက်လက်ပြီး ဂျပန်တွေသင်ပေးတဲ့ "အန်း ကိုမိုးချိ" (အချို့က မန်ဂျူးဟုလည်းခေါ်) ကို လက်တွေ့လုပ်ပြပြီး ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ထို့နောက် ဒေသခံစစ်သမိုင်းဝါသနာရှင် ဦးဘို ဘိုအောင်စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ် ဆိုင်ရာ စစ်လက်နက်ပစ္စည်းများပြခန်းကို ကြည့် ရှုအားပေးခဲ့ပြီး ကောလင်းမြို့မှာ ညအိပ်ရပ် နားခဲ့ကြပါတယ်။
လင်းနို့ဂူသို့
ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီမှာ ကောလင်းမြို့ကနေ လင်းနို့ဂူကိုထွက်ခွာလာ ခဲ့ပြီး ၁၀ နာရီမှာ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ဆိုင်ရာအသိပညာပေးနဲ့ အပန်းဖြေစခန်းကို သယံဇာတဒုဝန်ကြီးနဲ့အတူ ဖွင့်လှစ်ပေးခဲ့ပါ တယ်။
လင်းနို့ဂူစခန်းကို တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်နဲ့ ထာဝရကုမ္ပဏီက သိန်းပေါင်းခုနစ် ထောင်ကျော်ခန့် အကုန်အကျခံတည်ဆောက် လှူဒါန်းခဲ့ခြင်းပါ။ စခန်းတည်ထောင်ရခြင်းမှာ ကျောင်းသားလူငယ်တွေ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းတတ်လာစေရန်၊ သစ်တော သစ်ပင်များချစ်ခင်လာစေရန်နဲ့ အများပြည်သူ အပန်းဖြေနားနေစရာဖြစ်ရန် တည်ထောင်ခဲ့ ကြောင်း သိရပါတယ်။
လင်းနို့ဂူအပန်းဖြေစခန်းမှာ အိပ်ဆောင်၊ စာသင်ဆောင်၊ ထမင်းစားဆောင်၊ ပြတိုက်၊ ဝန်ထမ်းအိမ်ရာ၊ ရေကန်များ၊ ရှားပါးတိုက်လိပ် ကန်၊ ဒေသသစ်ခွခြံ၊ သစ်တောပျိုးဥယျာဉ်တို့ ပါရှိပါတယ်။ ထို့နောက် ရွှေဘိုသို့ ဆက်လက် ထွက်ခွာလာပြီး ညအိပ်ရပ်နားခဲ့ပါတယ်။
နွယ်ငြိမ်း CBT
ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီမှာ ရွှေဘိုကနေထွက်ခွာလာပြီး ဧရာဝတီမြစ်ကမ်း ဘေးက နွယ်ငြိမ်းကျေးရွာစဉ့်လုပ်ငန်းနဲ့ ကျေးရွာ လူထုအခြေပြု Community Base Tourism အခြေပြုခရီးသွားလုပ်ငန်းတို့ကို လေ့လာခဲ့ကြ တယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘော နဲ့ စုန်ဆင်းခဲ့ကြပါတယ်။ လမ်းခရီးမှာ ရွှေကျွန်း သာ ရေလယ်ကျွန်း အပန်းဖြေစခန်း၊ အင်ဒေါင်း ကျေးရွာလူထုအခြေပြုစခန်း ရောက်ခဲ့ပါတယ်။
ရွှေသမင် ရှိမ္မကားဘေးမဲ့တော
အဲဒီနောက် ရွှေသမင် ရှိမ္မကားဘေးမဲ့ တောကို ရောက်ရှိပြီး ဝင်ရောက်လေ့လာခဲ့ တယ်။ ရွှေသမင်ရှိမ္မကား ဘေးမဲ့တောကအပြန် မြစ်ကြောင်းတစ်လျှောက်မှာ ကမ္ဘာကျော် ထူး ခြားရှားပါးပြီး မျိုးသုဉ်းလုအန္တရာယ်နဲ့ရင်ဆိုင် နေရတဲ့ ဧရာဝတီလင်းပိုင်တို့ကို ကြည့်ရှုလေ့ လာခဲ့ရတယ်။ ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲခန့်မှာတော့ သမိုင်းအရောင်မညှိုးတဲ့ စစ်ကိုင်းတောင်ရိုးတစ်လျှောက်ကြည့် ငေးရင်း မင်းကွန်းသို့ရောက်ရှိကာ ခရီးသွားရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံး ခဲ့ကြောင်းပါ။
စစ်ကိုင်းတိုင်း CBT နဲ့ ဇလုံတောင်
ဇလုံတောင်ဘယ်မှာလဲ
ဇလုံတောင်က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ရှိတယ်။မန္တလေး--မြစ်ကြီးနား ကားလမ်းပေါ်မှာ အင်း တော်မြို့ရှိတယ်။ အင်းတော်က မန္တလေးကနေ ၂၁၃ မိုင် ဝေးတယ်။ အင်းတော်ကနေ အနောက် မြောက်ဘက် ၂၈ မိုင်အကွာမှာ ဗန်းမောက် မြို့ရှိတယ်။
ဗန်းမောက်ကနေ မြောက်ဘက်တည့်တည့် မှာ ဇလုံတောင်ရှိပြီး ကားလမ်းကနေသွားရင် ဗန်းမောက်မြောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ ခမိုးရွာကနေ သွားရတယ်။ ခမိုးရွာက အနောက် မြောက်ဘက် သုံးမိုင်ခန့်အကွာမှာ ခမိုးချောင်း ကိုဖြတ်ပြီး ပဲမနရွာဟောင်းကို ရောက်တယ်။ အခုတော့ ညောင်သာယာရွာလို့ ခေါ်တယ်။ အဲဒီနေရာကနေ တောင်တက်ကားလမ်းအတိုင်း စတက်တော့တာပဲ။
ညောင်သာယာကနေ ခြောက်မိုင်လောက် အကွာမှာ ဇလုံတောင်ခြေဖြစ်တဲ့ တည်ပင်ပြန့် ကို ရောက်တယ်။ တည်ပင်တွေရှိတဲ့ အနားယူ စခန်းဖြစ်တယ်၊ ကိုနေ့ကို ပို့လိုက်တဲ့ကားနဲ့ စတက်တဲ့နေရာ၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ တောင်တော်ကို ရပ်ကြည့်နေကြတဲ့နေရာပါ။ အဲဒီနေရာကနေ တောင်တော်ကို ဘွားခနဲ မြင့်မြင့်မားမားမြင်ရတာပါ။
အဲဒီကနေ တချို့က လူသွားလမ်းအတိုင်း တက်တယ်၊ 4 Wheel ကားတွေကတော့ တစ်ခါတည်း တောင်ပေါ်အထိ မောင်းတက် နိုင်တယ်။ အဲဒီနေရာနဲ့တောင်တော်က သုံးမိုင် နီးပါးလောက်ဝေးမယ်။ ကားလမ်းက တောင် တွေကိုပတ်ပြီးဖောက်ထားတာ၊ ဇလုံတောင် ကနေလှမ်းကြည့်ရင် ကျောက်မဏ္ဍပ်တောင်ကို မြင်ရတယ်။ နည်းနည်းလှမ်းတယ်။ကျောက် မဏ္ဍပ်က သက်သက်တက်ရတာပါ။
ဇလုံတောင်(သို့)
ဗန်းမောက်က ကျိုက်ထီးရိုးသစ်ဇလုံတောင်ဟာ ဗန်းမောက်မြို့ အနောက် မြောက်ဘက်က ကျောက်တောင်တစ်လုံးဖြစ် ပါတယ်။ ကျောက်တောင်တည်ရှိနေပုံ ဆန်း ကြယ်မှု၊ တည်ထားတဲ့ဘုရားတို့ကြောင့် ထင် ရှားတာပါ။ ဓာတ်ပုံကိုမြင်ရုံနဲ့ လာချင်အောင် ဆွဲဆောင်မှုရှိတဲ့ ပဋ္ဌာန်းဆက်ရှိနေတဲ့ ညှို့ဓာတ် ရှိနေတဲ့တောင်နဲ့ ဘုရားလို့ ခေါ်နိုင်၊ တင်စား နိုင်တဲ့ တောင်တစ်လုံးပါ။
မြန်မာနိုင်ငံအထက်ပိုင်းမှာ ထူးကဲတဲ့ဂုဏ် တန်ခိုးတော်နဲ့ပြည့်စုံတဲ့ ဇလုံတောင်စေတီတော် ကြီးမှာ မွန်ပြည်နယ်က ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ကြီးနဲ့ ပမာတူစွာ အံ့ဖွယ်ထူးခြား တဲ့ ဉာဏ်တန်ခိုးတော်တို့နဲ့ပြည့်စုံတဲ့ သမိုင်းဝင် စေတီတော်ကြီးတစ်ဆူ ဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၉၀ အမြင့်ရှိတဲ့ သေလာပဗ္ဗကတောင်ထိပ် ပေါ်မှာ ထူးတင့်စွာဖူးမြော်ခွင့်ရတဲ့ ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်း ခဲ့ပါတယ်။
သမိုင်းဖြစ်တော်စဉ်အရ မြတ်စွာဘုရားရှင် ဝါတော်(၂၀) အရ မဟာသက္ကရာဇ် ၁၂၃ ခုနှစ် မှာ သိကြားမင်းဖန်ဆင်းအပ်တဲ့ နတ်ပန်းရထား နဲ့ ရဟန္တာငါးရာခြံရံပြီး ဧရာပထနတ် နဂါးသား အဖလှူဒါန်းတဲ့ ဇလုံတောင်သို့ ြွကရောက်တော် မူခဲ့ပါတယ်။ ဤသို့သော မှတ်တမ်းမှတ်ရာ များရဲ့ဆင်းသက်မှုအရ သက္ကရာဇ် ၄၉၂ ခုနှစ် မှာ အရှင်အရဟံနဲ့ အရှင်အာစရ ဘွဲ့မည်ရ သော ရဟန္တာနှစ်ပါး ဇလုံတောင်သို့ ြွကတော် မူတယ်လို့ တောင်ရဲ့အမြင့်ဆုံးကျောက်စာမှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်က တန်ခိုးကြီးလှတဲ့ ကျိုက် ထီးရိုးဆံတော်ရှင်ကဲ့သို့ သဘာဝတောတောင် ရေမြေ သာယာလှပမှုများ ဆင်တူနေတဲ့ ဇလုံ တောင်တော်က စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်မှာတည်ရှိပြီး ဗန်းမောက် ကနေ ၁၂ မိုင်၊ နှစ်ဖာလုံခန့်အကွာ တောမြိုင် လယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဆောင်းရာသီ နဲ့ နွေရာသီကာလမှာ အလောင်းတော်ကဿပ ဘုရားသွားကြသလို ယခုနောက်ဆုံးပေါ်တော်မူ ဇလုံတောင်သွား ဘုရားဖူးများ ရေပန်းစားနေ တယ်။
အနယ်နယ်အရပ်ရပ်က ပေါ်တော်မူ ဇလုံ တောင်သွားတဲ့ဘုရားဖူးတို့ စုံညီစွာလာရောက် ဖူးမြော်နေကြပေမယ့် မီဒီယာဖော်ပြမှုမရှိသေး လို့ လူသိနည်းနေတာပါ။ ဗန်းမောက်မြို့ကနေ မြေသားကားလမ်းအတိုင်း ကားနဲ့သွားကြရပါ တယ်။ ကျွန်းပင်ကြီးတွေနဲ့ အင်ပင်ကြီးတွေက အုံ့ဆိုင်းသာယာပြီး သဘာဝတောတောင် ရေ မြေ၊ စိမ့်စမ်းရေတို့က ဝန်းကျင်အနှံ့ ကြည်နူး ဆွတ်ပျံ့စေတယ်။
ဇလုံတောင်သို့တက်ရာ တောင်တက်လမ်း တစ်လျှောက်မှာ တည်ပင်ပြန့်စခန်းမှာ ဘုရားဖူး တို့ အဆင်းနဲ့အတက်နားခိုရာ ငြိမ်းချမ်းတဲ့ ရပ်ဝန်းတစ်ခုဖြစ်ပြီး နားခိုသူတို့အတွက် ရေချိုး စရာနဲ့ အပန်းဖြေစားသောက်စရာ စားသောက် ဆိုင်တန်းတွေလည်း အခုခေတ်မှာတော့ စုံလင် လှနေပါပြီ။ ထိုတည်ပင်ပြန့်စခန်းက တောင်ပေါ်သို့တက် ရောက်လာကြတဲ့ ကားတွေရဲ့ အဆုံးစခန်းလည်း ဖြစ်ပါတယ်။ ဒေသန္တရဗဟုသုတကို လေ့လာ ရှာမှီးလိုကြတဲ့ ဘုရားဖူးတွေဟာ တည်ပင်ပြန့် စခန်းက လူသွားကျောက်ချပ်တို့အကြားကနေ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရပါတယ်။
ကျောက်မဏ္ဍပ်ဘုရား
ဇလုံတောင်တော်ဘုရားကြီးရဲ့ တောင်ဘက် နှစ်မိုင်ခန့်အကွာ တောင်ပေါ်မှာ ကျောက် မဏ္ဍပ်ဘုရားရှိပါတယ်။ထူးဆန်းတဲ့ ကျောက် မဏ္ဍပ်ဆိုတာ တောင်ထိပ်မှာ ကျောက်ဖျာကြီး အလျားပေ ၈၀၊ အနံပေ ၇၀ ခန့်ရှိပြီး တောင် ပေါ်မှာ နှစ်ဖက်နှစ်ခြမ်း ကျောက်အမိုးမဏ္ဍပ် ကြီး ဖြစ်နေခြင်းပါ။
ကျောက်ဖျာကြီးပေါ်မှာ စေတီငယ်တစ်ဆူ၊ ကျောက်မဏ္ဍပ်ထဲမှာ ဆင်းတုတော်တစ်ဆူ ရှိပါတယ်။ တစ်ဖက်ခြမ်းမှာ ကျောက်ဆန်အိတ် များ စီထားပြီး ဘုရားပွင့်လျှင် လှူဒါန်းရန်ဖြစ် ပါတယ်။ ကျောက်ပုဂံ၊ ကျောက်လှေ၊ ကျောက် မောင်းဆုံများလည်း ရှိပါတယ်။ တောင်ထိပ်ပေါ် မှာ ဧရာမ ကျောက်ဖျာကြီးအုပ်မိုးထားခြင်းပါ။အလွန်ထူးခြားဆန်းကျယ်လှတယ်။ ကျောက် မဏ္ဍပ်က အပြန်လမ်းမှာ သဘာဝကျောက် တံတားကိုလည်း ဖြတ်လျှောက်ရမှပါ။ ကျောက် မဏ္ဍပ်လမ်းခွဲဟာ ဇလုံတောင်ထိပ်ကို ရောက် ခါနီး လေးမိုင်ခန့်အကွာမှာ ရှိပါတယ်။
တောင်ခြေ ညောင်သာယာ (ပင်းမန ရွာ ဟောင်း ) သုည(ဝ)မိုင် မှ အစပြုတဲ့ တောင်တက် ကားလမ်းဟာ ဇလုံတောင်ထိပ်အရောက် ကိုး မိုင်တိတိရှိပြီး ကျောက်မဏ္ဍပ်လမ်းခွဲက ကား လမ်းရဲ့ ငါးမိုင်နှစ်ဖာလုံမှာ ရှိပါတယ်။ကျောက် မဏ္ဍပ်တောင်ကို ဇလုံတောင်ပေါ်ကနေ လှမ်း ကြည့်မြင်နိုင်ပါတယ်။ ဇလုံတောင်ဖွံ့ဖြိုးရေး ကာလရှည်ကြာသာသနာပြုခဲ့တာက ဇလုံ တောင်တော် သာသနာနယ်မြေ ပဓာနနာယက ဆရာတော်ကြီးက (စတုဘုမ္မိက သာသနာပြု ဥပုသ်တော်ရပ်၊ မန္တလေးဆရာတော်) ဦးဝိဇယ ပါ။ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်လောက်က လမ်း တွေစပြီးဖောက်ခဲ့တာပါ။ အရင်က မုဆိုးတွေ တောတိုးတဲ့ လူသွားလမ်းပဲ ရှိခဲ့တယ်။
ဇလုံတောင် ဝန်းကျင်မှာ ကမ္ဘာ့အံ့စရာတစ်ခု နှယ်မြင်တွေ့ကြရတဲ့ ကျောက်မဏ္ဍပ်ကြီးက လည်း အံ့မခန်းစရာပါပဲ။ ထိုကျောက်မဏ္ဍပ် မှာ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ကျောက်ဖြစ်ရုပြွ်ကင်းများအဖြစ် မြင်တွေ့နေ ရဆဲဖြစ်တဲ့ ကျောက်ဆန်အိတ်ကြီးတွေက လည်း အံ့သြစရာကောင်းလှပါရဲ့။ အကျယ်အဝန်းကြီးမားလှတဲ့ ကျောက် မဏ္ဍပ်ကြီးပေါ်က စေတီငယ်တွေနဲ့ ဗုဒ္ဓရုပ်တု တော်တို့ကလည်း သပ္ပာယ်ကြည်ညိုစရာဖူး တွေ့ရတယ်။ ဇလုံတောင်တည်ရှိရာ တောကြီး တောင်ကြီးထဲမှာ မြန်မာ့တိုင်းရင်းတောနက် မြိုင်ကြီး သဘာဝဆးဖက်ဝင် တောဆေးတော မြစ်တို့ စုံလင်လှပါတယ်။ တောရဆောက် တည်ပြီး တရားရှာမှီးကြတဲ့ ယောဂီသူတော်စင် နဲ့ ရဟန်းတော်တို့ အနေအစားချို့တဲ့စွာနဲ့ တပ အကျင့်ကို ကျင့်ကြံလျက်ရှိကြသည်မှာ တောရဲ့ စိတ္တဝိဝေကတစ်ခုဖြစ်ပါတယ်။
ဒီနှစ် ဇလုံတောင်ဗုဒ္ဓပူဇနိယပွဲကြီး ဇလုံ တောင်ဘုရားပွဲတော်ကြီး ကျင်းပပူဇော်ပုံမှာ ထေရဝါဒဆန်လှတယ်။ အညာတောဘုရားပွဲ ဓလေ့ ပီသတယ်။ ဇာတ်ပွဲ၊ အငြိမ့်သဘင်၊ စတိတ်ရှိုးစတဲ့ ကိလေသာကိုဇောင်းပေးတဲ့ ပူလောင်မှုတွေထည့်သွင်းမထားဘဲ ဓမ္မတရား သဘင်များသာ သီးသီးသန့်သန့်ပါဝင်တာ ဖြစ် လို့ ဂုဏ်ယူစရာ ကြည်နူးစရာပါ။
ယခင်နှစ်တွေမှာတော့ အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲပါဝင်သလို ဒုလ္လဘသံဃာ ၇၀ ကျော် ဝတ်ခဲ့ကြတယ်။ ထို့အပြင် သာသနာ နွယ်ဝင် သီလရှင်ဝတ်ပွဲကလည်း ဘာသာရေး ရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ခဲ့ရပါတယ်။
ထို့ပြင် ဗုဒ္ဓဆင်းတုတော်တွေကို အနေကဇာ တင်ပွဲနဲ့ ညောင်ရေသွန်းလောင်းလှူပွဲများ ထည့် သွင်းကျင်းပလေ့ရှိခဲ့ကြရာ ဒီနှစ်မှာလည်း ပိုမို စည်ကားမှာပါ။ ဒေသခံတို့အပြောအရ ဇလုံ တောင်နဲ့ပတ်သက်လို့ ဒေသခံ အနုပညာသမား တွေနဲ့ ဖွဲ့စည်းထားတဲ့ Katha Heritage Trust က အတွင်းရေးမှူး ဒီဇိုင်းဆရာညိုကိုနိုင် (ကသာ)၊ ဓာတ်ပုံဆရာ သိန်းချောင်း(ကသာ)တို့နဲ့တွေ့ရာမှာ "ဇလုံတောင်ကို ခရီးသွားဒေသ ဖြစ်အောင်နဲ့ ဇလုံတောင်ဝန်းကျင်ကို သဘာဝ တောဥယျာဉ်အဖြစ်ပုံဖော်ဖို့ ကော်မတီတွေကို ၂၄.၂.၂၀၁၅ မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းခဲ့တယ်။ ကျွန်တော်တို့သိတာက ဇလုံတောင်ကို စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ရှိသူတွေက ဗန်းမောက်ကနေ ဇလုံတောင်ထိပ်အထိ ကွန် ကရစ်လမ်းခင်းဖို့ ကျပ်သန်း ၄၄၀ ချပေးတယ် လို့ သိရတယ်၊ ဗန်းမောက်ကနေ ဇလုံတောင်ကို အရင်က ၁၂ မိုင်ဝေးတယ်ဆိုပေမယ့် ကား လမ်းက ပင်မဇလုံတောင်တော်ဘေး တောင် တွေပေါ်ကနေ ပတ်ဝိုက်ပြီးဖောက်ရတာမို့လို့ ၁၄ မိုင် ခြောက်ဖာလုံလို့လည်းပြောတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ကျွန်တော်နဲ့ တော်တော်ရင်းနှီးပါတယ်။ အရင် ဟိုတယ်နှင့်ခရီးသွားမှာ ဒုတိယညွှန်ကြားရေးမှူး လုပ်ခဲ့တယ်။ သူလည်း ွနသမါန ဥမတနူ ကို ပုံဖော်ပေးချင်တဲ့သူတစ်ယောက်ပါ၊ ကျွန်တော် ကလည်း ကျွန်တော်တို့မြို့က နိုင်ငံတကာ စိတ် ဝင်စားတဲ့နေရာတွေ၊ အဆောက်အအုံတွေ (အစိုးရအဆောက်အအုံတွေ များတယ်) ကို မထိခိုက်အောင် သူ့အကူအညီယူရတယ်။
ကိုလိုနီခေတ်အဆောက်အအုံတွေဆိုတော့ ဝင်းကျယ်ခြံကျယ်ကြီးတွေမို့ ဝိသမလောဘသား တွေ မျက်စိကျတယ်၊ အဆောက်အအုံဆောက် ချင်မယ်၊ စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ချင် မယ်။ အဲဒါတွေကို ကျွန်တော်တစ်ယောက် တည်း ကာကွယ်နေရတာ၊ အခုတော့ ကျွန်တော့် နောက်မှာ မြို့မိမြို့ဖ၊ မြို့အထောက်အကူပြု ကော်မတီ၊ ဒေသခံအနုပညာသမားတွေနဲ့ ဖွဲ့ စည်းထားတဲ့ Katha Heritage Trust ပေါ် လာတော့ နည်းနည်းအသက်ရှူချောင်လာ တယ်။ ခင်ဗျားတို့မီဒီယာတွေ ပါဝင်လာတော့ ပိုကောင်းတာပေါ့။ ဒီဘက်မှာ နိုင်ငံတကာက စိတ်ဝင်စားတဲ့ အခြားနေရာတွေများတယ်။ ဥပမာ- ကသာက George Orwell နေခဲ့တဲ့ နေရာတွေ၊ မော်လူးဒေသက ဒုတိယကမ္ဘာစစ်က မဟာမိတ်တွေ လေထီးခုန်ချတဲ့ -Chindits Oppreration တွေလုပ်သွားတဲ့ဒေသတွေ၊ အခု အဲဒီနေရာတွေကို သူတို့ အထိမ်းအမှတ် ကျောက်တိုင်လုပ်ဖို့တောင်းဆိုနေတယ်" လို့ ဆိုပါတယ်။
(ဇလုံတောင်ဓာတ်ပုံအချို့နဲ့ အချက်အလက် အချို့ကူညီပေးတဲ့ မိတ်ဆွေညိုကိုနိုင် (ကသာ)၊ သိန်းချောင်း (ကသာ)၊ ကိုဆန်း(မိုးညှင်း) တို့ ကျေးဇူးကမ္ဘာပါ။)



















