အရှေ့တောင်အာရှတက္ကသိုလ်များပြိုင်ပွဲ၌ ဆုများဆွတ်ခူးခဲ့သည့် မြှားပစ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်

အရှေ့တောင်အာရှတက္ကသိုလ်များပြိုင်ပွဲ၌ ဆုများဆွတ်ခူးခဲ့သည့် မြှားပစ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိခဲ့ကြသည့် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ မြားပစ်ပြိုင်ပွဲတို့၌ အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ၁၈ရက် နံနက်၉နာရီက မြှားပစ်အဖွဲ့ချုပ်၌ ကျင်းပခဲ့သည်။

ဂုဏ်ပြုဆုကြေး

ပြီးခဲ့သည့် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ ကွန်ပေါင်း အမျိုးသမီးတစ်ဦးချင်း ရှုံးထွက်ပွဲစဉ်တွင် ပထမဆုရရှိခဲ့သည့် စုစုလှိုင်အား ဂုဏ်ပြုဆုကြေး ကျပ်သိန်း ၃၀၊ ကွန်ပေါင်း အသင်းလိုက်ရှုံးထွက်ပွဲစဉ်တွင် ဒုတိယဆုရခဲ့သည့် စုစုလှိုင်နှင့် လှလှစံနှင့် ခက်ခက်တုံတို့အား ဆုကြေးကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့သည်။

ထို့ပြင် Recurve အမျိုးသမီးအသင်းလိုက် ရှုံးထွက်ပွဲစဉ်တွင် တတိယဆုရခဲ့သည့် ဆန်းနုလွင်၊ သော်တာမြင့်နှင့် ခင်သက်သက်ဇွန်တို့အား ဆုကြေးကျပ် ၁၀သိန်း၊ Recurve အမျိုးသားအသင်းလိုက် ရှုံးထွက်ပွဲစဉ်တွင် တတိယဆုရခဲ့သည့် ဝေလင်းထွန်း၊ ဂေရွှီနှင့် ကောင်းထက်လင်းတို့အား ဆုကြေးကျပ်၁၀သိန်းတို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် မြားပစ်အဖွဲ့ချုပ် အမှုဆောင်များညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ယခုနှစ်အတွင်းကျင်းပမည့် ပြိုင်ပွဲများ၌ ဆုတံဆိပ်များရရှိခဲ့ပါက နိုင်ငံတော်က ချီးမြှင့်သည့် ဆုကြေးနည်းတူ အဖွဲ့ချုပ်အနေဖြင့် ချီးမြှင့်မည်ဖြစ်ပြီး လာမည့်အရှေ့တောင်အာရှပြိုင်ပွဲတွင် ရွှေတံဆိပ်များပိုမိုရရှိအောင် ပွဲစဉ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။



ဖတ်ရှုမှုအများဆုံး