၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဒိအားကစားရုံ(က)တွင် ကျင်းပလျက်ရှိပြီး ကစားသမားစုစုပေါင်း( ၂၆၉ ) ဦးပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။
ပါဝင်မည်
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၁၇ရက်မှ ၂၁ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၁၂)သင်းတို့မှ ကစားသမားစုစုပေါင်း (၂၆၉)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီးပွဲစဉ်များအဖြစ် ဗန်တိုအတိုက် ၊ ဓါး(၁)လက်အတိုက်၊ ဓါး(၂)လက်အတိုက်နှင့် ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲအဖြစ် တွဲဖက်နည်းပြအဆင့်၊ လက်ထောက်နည်းပြ အဆင့်ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။
ထို့အပြင် အသင်းလိုက်ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲ၊အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား၊အမျိုးသမီး သုံးယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲ(၆၃)နည်းပညာ၊ အမျိုးသားအသင်းလိုက်ခြောက်ယောက်တွဲ ပွဲစဉ်များလည်း ပါဝင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် ရွှေတံဆိပ်(၃၇)ခု၊ ငွေတံဆိပ် (၃၇)ခု၊ကြေးတံဆိပ်(၆၀)ခုကို ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသား၊အမျိုးသမီး အကောင်းဆုံး ကစားသမားဆုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်း နှင့် စွယ်စုံတံခွန်စိုက်ဒိုင်းတို့ကို လည်း ပေးအပ်မည် ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲသို့ ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။















