အမေရိကန်၌ သမ္မတထရမ့်နှင့် အောက်လွှတ်တော်ဥက္ကဌ နန်စီပဲလိုစီတို့အကြား နိုင်ငံရေးတိုက်ပွဲအရှိန်မြင့်နေပြီး ပဲလိုစီ၏ ဘရပ်ဆဲလ်နှင့် အာဖဂန်နစ္စတန်သို့သွားရောက်မည့်ခရီးစဉ်ကို သမ္မတထရမ့်က ရွှေ့ဆိုင်းစေခဲ့သည်။
အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်နေမှုကို စေ့စပ်ညှိနှိုင်းမှုပြီးဆုံးသည်အထိ ခရီးမထွက်ရန်လည်း ပဲလိုစီကို သမ္မတထရမ့်က တောင်းဆိုခဲ့သည်။
ပဲလိုစီနှင့်အဖွဲ့ စစ်လေယာဉ်အသုံးပြုသွားလာခြင်းကို ရပ်ဆိုင်းပိုင်ခွင့်ရှိသည့် သမ္မတအနေဖြင့် ဇန်နဝါရီ ၁၇ ရက်က ပဲလိုစီခရီးထွက်ရန် တစ်နာရီအလိုတွင် ယင်းရပ်ဆိုင်းမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြို့ပြလေကြောင်းနှင့် သွားလာရန်မူ ပဲလိုစီတွင် အခွင့်အာဏာရှိကြောင်း ထရမ့်ဆိုသည်။ အာဖဂန်သို့သွားရာတွင် လေယာဉ်မှူးအနားယူရန်နှင့် နေတိုးတပ်မှူးများနှင့် တွေ့ဆုံအားပေးရန် ဘရပ်ဆဲလ်သို့ ဝင်ရောက်ရန်ဖြစ်ကြောင်း ပဲလိုစီ၏ရုံးက တုံ့ပြန်ခဲ့သည်။
အစိုးရယန္တရားရပ်ဆိုင်းနေစဉ် ထရမ့်နှင့် ရီပတ်ဘလီကန်များ အီဂျစ်သို့သွားရောက်ခဲ့ခြင်းကို ထောက်ပြသောအားဖြင့် ယခုခရီးစဉ်တွင် အီဂျစ် မပါဝင်ကြောင်းလည်း ပဲလိုစီဘက်က တုံ့ပြန်ခဲ့သည်။
ပဲလိုစီကလည်း သမ္မတထရမ့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန် ဇန်နဝါရီ ၁၆ ရက်က တောင်းဆိုထားသည်။
ထရမ့် ဦးဆောင်သည့် ရီပတ်ဘလီကန်အစိုးရနှင့် ဒီမိုကရက်ထိန်းချုပ်သည့် အောက်လွှတ်တော်တို့ အကြား ဘတ်ဂျက်အရေး ညှိမရ၍ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု ၂၇ ရက်ပြည့်မြောက်ချိန်တွင် ပဲလိုစီ၏ခရီးကို ထရမ့်က ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
ထရမ့်က မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် ရန်ပုံငွေ ၅ ဒသမ ၇ ဘီလီယံ မပါဝင်သည့် အောက်လွှတ်တော် အဆိုပြုဘတ်ဂျက်ကို လက်မှတ်ထိုးရန် ငြင်းဆန်ထားသည်။ ဘတ်ဂျက်အရေး ပြေလည်မှုမရှိက ဆွစ်ဇာလန်၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးညီလာခံသို့လည်း အမေရိကန်ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ရပ်တန့်အစိုးရယန္တားအချို့ ပြန်လည်ဖွင့်လှစ်ရေး ဘတ်ဂျက်မူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်က အတည်ပြုခဲ့သော်လည်း ရီပတ်ဘလီကန်ကြီးစိုးသည့် အထက်လွှတ်တော်ကမူ ပယ်ချမည့်အလားအလာ ရှိနေသည်။
သမ္မတ၏အတည်ပြုချက်မပါသည့် မူကြမ်းတင်ပြခြင်းသည် ဒီမိုကရက်တို့အချိန်ဖြုန်းခြင်းသာဖြစ်ကြောင်း အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ်မက်ကောနားက ပြောဆိုခဲ့သည်။

















