သမ္မတထရမ့်ထံပါးလိုက်သည့် ကင်ဂျုံအွန်၏စာ ယူဆောင်လာသူ မြောက်ကိုရီးယားထိပ်တန်းအရာရှိကင်ယုံချိုလ် ဝါရှင်တန်ရောက်ရှိ

သမ္မတထရမ့်ထံပါးလိုက်သည့် ကင်ဂျုံအွန်၏စာ ယူဆောင်လာသူ မြောက်ကိုရီးယားထိပ်တန်းအရာရှိကင်ယုံချိုလ် ဝါရှင်တန်ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ပေးပို့လိုက်သည့်စာတစ်စောင် ယူဆောင်လျက် မြောက်ကိုရီးယားထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် ကင်ယုံချိုလ်သည် ဝါရှင်တန်သို့ ရောက်ရှိလာကြောင်း သိရသည်။

ထရမ့်နှင့်ကင်ဂျုံအွန်တို့အကြား ဒုတိယမြောက်ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေရှေ့ပြေးအဖြစ် ကင်ဂျုံအွန်၏ ညာလက်ရုံးဟုယူဆကြပြီး ထောက်လှမ်းရေးအကြီးအကဲဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သည့် ကင်ယုံချိုလ်သည် ဘေဂျင်းမှတစ်ဆင့် ဝါရှင်တန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၄င်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး သမ္မတထရမ့်နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ရသည်။

ထရမ့်နှင့်ကင် ပထမဆုံးအကြိမ် မတွေ့ဆုံမီ ယမန်နှစ်ဇွန်ကလည်း ကင်ယုံချိုလ်သည် ဝါရှင်တန်သို့ရောက်ရှိခဲ့ပြီး ကင်၏စာတစ်စောင်ကို သမ္မတထရမ့်ထံ ပေးအပ်ခဲ့သည်။

ထရမ့်နှင့်ကင် ဒုတိယတွေ့ဆုံပွဲမှာ ဗီယက်နမ်၌ ဖြစ်နိုင်ခြေရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ ကင်သည် ဗီယက်နမ်သို့ ဖေဖော်ဝါရီလအတွင်း တရားဝင်လည်ပတ်ရန် ရှိနေကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

စင်ကာပူ၌ ယမန်နှစ်ဇွန်လက ထရမ့်နှင့်ကင် ပထမဆုံးအကြိမ် သမိုင်းဝင်တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးသည် တိုးတက်မှုအနည်းငယ်သာရရှိခဲ့သည်။

သို့သော် မကြာမီက သံတမန်ရေးရာ ရောက်ယက်ခပ်မှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ကင်သည် ယခုလစောစောပိုင်းက တရုတ်သို့သွားရောက်ကာ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ စင်ကာပူ၌ ထရမ့်နှင့် ကင်မတွေ့ဆုံမီကလည်း ကင်သည် ရှီနှင့် ဦးစွာတွေ့ဆုံခဲ့သည်။

မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေသည်လည်း ဆွီဒင်သို့ဦးတည်နေကာ ဝါရှင်တန်၏ ပြုံယမ်းဆိုင်ရာ အထူးကိုယ်စားလှယ် စတီဖင်ဘီဂွန်နှင့် တွေ့ဆုံဖွယ်ရှိနေသည်။

၂၀၁၉ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်က အမေရိကန်နှင့်စေ့စပ်ညှိနှိုင်းရေး တိုးတက်မှုနှေးကွေးနေခြင်းကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဘေဂျင်း၌ ရောက်ရှိချိန်တွင်မူ ဒုတိယအကြိမ် မြောက်ကိုရီးယားအမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုမည့် ရလာဒ်များထွက်ပေါ်နိုင်ရေး ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။