ကိုလမ်ဘီယာမြို့တော် ရဲသင်တန်းကျောင်း ကားဗုံးခွဲခံရသဖြင့် ၁၀ ဦး သေဆုံး

ကိုလမ်ဘီယာမြို့တော် ရဲသင်တန်းကျောင်း ကားဗုံးခွဲခံရသဖြင့် ၁၀ ဦး သေဆုံး

ကိုလမ်ဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ လုံခြုံရေး ထူထပ်စွာ ချထားသော ရဲသင်တန်းကျောင်းတွင် ကားဗုံးခွဲ တိုက်ခိုက်ခံရသဖြင့် ၁၀ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြို့တော် တောင်ပိုင်းရှိ ဂျင်နရယ် ဆန်တန်ဒါ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မြို့တော် ဘိုဂိုတာတွင် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ရဲနှင့် စစ်ဘက်အဆောက်အအုံများ တိုက်ခိုက်ခံရမှုများအနက် အဆိုးဆုံး တိုက်ခိုက်မှုဖြစ်သည်။

သမ္မတ အိုင်ဗန် ဒူကီသည် နိုင်ငံ အနောက်ပိုင်းပြည်နယ်များသို့ ခရီးလှည့်လည်နေရာမှ စစ်ဘက်ထိပ်တန်း အကြံပေးများနှင့်အတူ မြို့တော် ဘိုဂိုတာသို့ ချက်ချင်းပြန်လှည့်ခဲ့ရကြောင်းလည်း သိရသည်။

အစိုးရ စုံစမ်းစစ်ဆေးရေးမှူး နက်စ်တာ မာတီနက်ဇ်က ယခု တိုက်ခိုက်မှုသည် အသေခံ ကားဗုံးခွဲခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူမှာ အသက် ၅၆ နှစ်အရွယ် ဟိုဆေး အယ်ဒီမာဆိုသူဖြစ်ပြီး ပေါက်ကွဲပစ္စည်း ၈၀ ကီလိုဂရမ်ကို ပစ်ကပ်ကားနှင့်တင်ကာ ရဲသင်တန်းကျောင်းထဲ မောင်းဝင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ တစ်ဦးတည်း တိုက်ခိုက်ခြင်းလော၊ နောက်ကွယ်တွင် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းရှိသေးသနည်းကိုမူ စုံစမ်းစစ်ဆေးဆဲဟု ပြောသည်။

တိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးကာ၊ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ပနားမားနှင့် အီကွေဒေါ နိုင်ငံသားအချို့လည်း ပါဝင်ကြောင်း သိရသည်။ ရဲသင်တန်းကျောင်းသည် အချိန်ပြည့် လုံခြုံရေးချထားသလို၊ ပေါက်ကွဲပစ္စည်း အနံ့ခံခွေးများလည်း ချထားသည့်တိုင် အသေခံ ဗုံးခွဲကားသည် မည်သို့ ကျော်ဝင်သွားသည်ကို စုံစမ်းနေဆဲဖြစ်သည်။

ယခု တိုက်ခိုက်မှုသည် ပြည်တွင်းငြိမ်းချမ်းရေး ထူထောင်ရန် ကြိုးပမ်းနေသော ကိုလမ်ဘီယာ၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်သည့် လက်ခံနိုင်ဖွယ်မရှိသော အဖျက်အမှောင့်လုပ်ရပ်ဖြစ်သည်ဟု ကိုလမ်ဘီယာဆိုင်ရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ကလည်း ထုတ်ပြန်ပြောကြားထားသည်။