ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက်အဲလိဇဘက်သ်၏ ကြင်ယာ အသက် ၉၇ နှစ်အရွယ် မင်းသား ဖိလစ်သည် အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ဆန်ဒရင်ဟမ်စံအိမ်နား၌ ဇန်နဝါရီ ၁၇ ရက်တွင် ယာဉ်မတော်တဆမှုတစ်ခုတွင်ဝင်ခဲ့သော်လည်း ဒဏ်ရာမရခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောဆိုခဲ့သည်။
အဲဒင်ဘရာမြို့စားဟုလည်း သိကြသည့် မင်းသားဖိလစ်မောင်းလာသည့် ယာဉ်နှင့် ဝင်တိုက်မိသည့် အခြားယာဉ်မှ လူနှစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုများပြုလုပ်ပေးခဲ့ရသည်။
လမ်းဘေးတွင် လဲကျနေသည့် လန့်ဒ်ရိုဘာယာဉ်တစ်စီး၏ပုံကို မီဒီယာများကဖော်ပြခဲ့သည်။ မင်းသားဖိလစ်သည် ယာဉ်ကို စံအိမ်ရှိ ယာဉ်သွားလမ်းငယ်မှ အဓိကလမ်းမကြီးပေါ်သို့မောင်းတက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဇနီး မီရှဲတို့ ဗြိတိန်သို့ လာရောက်စဉ် နေ့လည်စာစားရန် အပြင်ထွက်ရာတွင် ဖိလစ်သည် ယာဉ်မောင်းပြီး ပို့ဆောင်ပေးခဲ့ဖူးသည်။
ဇန်နဝါရီ ၁၇ ရက် ဖြစ်ရပ်တွင် ဖိလစ်က ယာဉ်ကို မောင်းခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာမရရှိသောကြောင့် ဆေးရုံသို့သွားရောက်စရာမလိုဘဲ နော်ဖော့ခ်ရှိ အဲလိဇဘက်သ်ဘုရင်မပိုင် စံအိမ်တွင် ပြန်လည်နားနေနေပြီဖြစ်ကြောင်း နန်းတော်၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။
အပြောအဆိုကြမ်းတမ်းပြီး အခြားလူကို မညှာတမ်းဝေဖန်တတ်မှုများကြောင့် ဖိလစ်သည် နာမည်ကျော်ကြားခဲ့သော်လည်း ဗြိတိန်နိုင်ငံသားများကမူ ၎င်းကိုချစ်ခင်ကြသည်။
ဖိလစ်နှင့် အဲလိဇဘက်သ်တို့သည် ၁၉၄၇ ခုနှစ်တွင် လက်ထပ်ထိမ်းမြားခဲ့ပြီး ကြင်ယာ၏ကာလရှည်အုပ်ချုပ်မှုအတွင်း နံဘေးတွင် အမြဲရပ်တည်ပေးခဲ့သည်။ ဖိလစ်သည် မင်းသားတစ်ပါး၏တရားဝင်တာဝန်များမှ ၂၀၁၇ ခုနှစ်တွင် အနားယူခဲ့သည်။

















