ခေတ်သစ် နည်းပညာများဖြင့် တည်ဆောက်ထားသော ဒုံးကျည်များရန်မှ ကာကွယ်ရန် အမေရိကန်သည် အာကာသအခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို ထူထောင်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။
ယခုအခါ အာကာသသည် စစ်ပွဲမြေပြင်တစ်ရပ် ဖြစ်လာပြီဟု သမ္မတ ထရမ့်က ပင်တဂွန်တွင် ပြောကြားသော မိန့်ခွန်း၌ ဆိုသည်။ ပြိုင်ဘက် နိုင်ငံများ၊ ရန်သူနိုင်ငံများ၏ နည်းပညာမြင့် ဟိုင်ပါဆိုးနစ် ဒုံးကျည်များရန်မှ ကာကွယ်ရန် အာကာသ ဒုံးကျည်ကာကွယ်ရေးစနစ် လိုအပ်သည်ဟု သမ္မတ ထရမ့်က ဆိုသည်။
အမေရိကန်ကို အချိန်မရွေး၊ နေရာမရွေးမှ တိုက်ခိုက်လာနိုင်သည့် ဒုံးကျည်တိုင်းကို ထောက်လှမ်း ကြိုတင်ပစ်ချနိုင်ရန် ရည်ရွယ်ကြောင်း၊ ယနေ့ကာလသည် အမေရိကန်အတွက် အန္တရာယ်များသထက် များလာနေသဖြင့် ပြိုင်ဘက်ကင်းသော အာကာသ ဒုံးကျည်ကာကွယ်ရေးစနစ် လိုအပ်ကြောင်း သမ္မတ ထရမ့်က ဆိုသည်။
မိန့်ခွန်းတွင် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့ကို နာမည်တပ် ရည်ညွှန်းခြင်း မရှိသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ရုရှားနှင့် တရုတ်တို့၏ နည်းပညာမြင့် ဟိုင်ပါဆိုးနစ် ဒုံးကျည်များ၊ အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီးယား ဒုံးကျည် အန္တရာယ်များကို သမ္မတ ထရမ့်က ရည်ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။
ယာယီ ကာကွယ်ရေးဝန်ကြီး ပတ် ရှာနာဟန်ကလည်း ရုရှားနှင့် တရုတ်တို့ တီထွင်ထားသော ဟိုင်ပါဆိုးနစ် ဒုံးကျည်များသည် ထောက်လှမ်းရ၊ တားဆီးရ ခက်ခဲသဖြင့် လက်ရှိကာကွယ်ရေးနည်းပညာများနှင့် မလုံလောက်ဟု ဆိုထားသည်။
သို့ဖြစ်သောကြောင့် အမေရိကန်အနေဖြင့် အာကာသထဲတွင် ဒုံးကျည် ထောက်လှမ်းရေး အာရုံခံစနစ်သစ်များ ချထားခြင်းဖြင့် ဒုံးကျည်ပစ်လွှတ်လိုက်သည်နှင့် ချက်ချင်းသိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

















