စပိန်နိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၃ ရက်ကတည်းက ရေတွင်းတစ်ခုထဲတွင် ပိတ်မိနေသည့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကယ်တင်နိုင်ရန် နောက်ထပ်နှစ်ရက်ခန့် အချိန်ယူရဦးမည်ဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးသမားများက ဇန်နဝါရီ ၁၇ ရက်အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။
ယောကျာ်းလေးကို အသက်ရှင်လျက်တွေ့ဦးမည်ဟု မျှော်လင့်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ အကျယ် ၂၅ စင်တီမီတာ( ၁၀ လက်မ) အနက် ၁၀ဝ မီတာ( ၃၂၈ ပေ) ရှိသည့် ရေတွင်းထဲသို့ကျနေသည့် ကလေးငယ်ကို ကယ်တင်နိုင်ရန် လှိုဏ်ခေါင်းတူးနေကြပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။
ကလေးငယ်ရှိနေသည့် နေရာသို့ရောက်ရှိရန်သာ အဓိကဖြစ်ကြောင်း သတ္တုတွင်းအင်ဂျင်နီယာ ဟွန် အက်စ်ကိုဘာက စပိန်တောင်ပိုင်း မာလာဂါမြို့ တိုတာလန်အရပ်၌ ပြောဆိုခဲ့သည်။ ရေတွင်းထဲမှ ရရှိသော အပျက်အစီးများတွင် ဆံပင်များကိုပါတွေ့ရှိခဲ့ပြီး မျိုးဗီဇစစ်ဆေးမှုများအရ ကလေးငယ်၏ဆံပင်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ကလေးငယ်ကို မကယ်တင်နိုင်မချင်း ရပ်တန့်မည်မဟုတ်ကြောင်း၊ ကလေးငယ်ကို အသက်ရှင်လျက်တွေ့ရှိမည်ဟု မျှော်လင့်ထားကြောင်း မာလာဂါရှိ အစိုးရအရာရှိ မာရီယာ ဂါမက်ဇ်ကပြောဆိုခဲ့သည်။
တိုတာလန်ရှိ ပုဂ္ဂလိကပိုင်မြေကွက်တစ်ခုတွင်း မိသားစုနှင့်အတူ လမ်းလျှောက်နေစဉ် ကလေးငယ် ဟူလန်သည် ရေတွင်းထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ဟူလန်၏မိဘများသည် ၂၀၁၇ ခုနှစ်တွင် အဖြစ်ဆိုးတစ်ခုနှင့်လည်း ကြုံတွေ့ခဲ့ရဖူးပြီး ယင်းအချိန်က တိုတာလန်နှင့် မနီးမဝေးရှိ ကမ်းခြေတစ်ခု၌ လမ်းလျှောက်နေစဉ် အသက်သုံးနှစ်အရွယ် သားငယ် ရုတ်တရက်သေဆုံးခဲ့ဖူးကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။
ယခုအခင်းဖြစ်ပွားရာနေရာနားတွင် နေထိုင်သူများသည် ဇန်နဝါရီ ၁၆ ရက်တွင် စုဝေးပြီး မိသားစုနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တချို့ကလည်း မင်းတို့နဲ့အတူ စပိန်တစ်နိုင်ငံလုံးရပ်တည်နေတယ် ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့သည်။

















