တီးတိန်မြို့မှ ချင်းပြည်နယ်၏ ပထမဦးဆုံးဆင်စခန်းသို့ တိုက်ရိုက်သွားလာနိုင်မည့်လမ်းသစ် ဖောက်လုပ်

တီးတိန်မြို့မှ ချင်းပြည်နယ်၏ ပထမဦးဆုံးဆင်စခန်းသို့ တိုက်ရိုက်သွားလာနိုင်မည့်လမ်းသစ် ဖောက်လုပ်

ချင်းပြည်နယ်၏ပထမဦးဆုံးဆင်စခန်းဖြစ်သည့် ကနေဒီဆင်စခန်းကို တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သစ်နှင့် ပိန်းပိကျေးရွာ ကြားရှိ ကြိုးတံတားအနီးတွင် ဖွင့်လှစ်ထားပြီး တီးတိန်မြို့မှ အဆိုပါဆင်စခန်းသို့ တိုက်ရိုက်သွားလာနိုင်မည့် တီးတိန် - ခိုင်ကမ်းမြို့လမ်းသစ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ဖောက်လုပ်လျက်ရှိသည်။ 

“ အခု ခိုင်ကမ်းနဲ့ ပိန်းပိကြားကို ကားတွေသွားလာနိုင်အောင်လမ်းအကျယ်ဖွဲ့ပြီး ဖောက်လုပ်နေ ပါတယ်။ အချောသပ်ပြီးသွားပြီဆိုရင် တစ်နှစ်ကို နှစ်မိုင်နှုန်းနဲ့ ကွန်ကရစ်ခင်းပြီး အဆင့်မြှင့်တင်သွားမယ်။ အဓိကတော့ ဆင်စခန်းကို ခရီးသွားတွေ ခရီးမိုင်တိုတိုနဲ့ မြန်မြန်ဆန်ဆန်လာရောက်နိုင်အောင်လို့ ရည်ရွယ်ပါတယ်'' ဟု ကနေဒီဆင်စခန်း တာဝန်ခံ ဦးတိုးချစ်မှူးပိုင်က ပြောသည်။ 
''ကနေဒီဆင်စခန်းကိုလာမယ်ဆိုရင် အခုလောလောဆယ်မှာတော့ ကလေးမြို့ကနေတစ်ဆင့် ခိုင်ကမ်းမြို့ကနေပဲ တိုက်ရိုက်လာနိုင်သေးတယ်။ မြန်မာ- အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ဘက်ကနေ လာချင်တဲ့သူတွေ ကလည်း တီးတိန်မြို့ကိုသွားပြီးမှ ချင်းတောင်ခြေအထိလာပြီး ခိုင်ကမ်းမြို့သစ်ရောက်မှပဲ ဆင်စခန်းကို လာလို့ ရတယ်။ ကလေးမြို့ကလာချင်တဲ့သူတွေအတွက်ကျတော့ အဆင်ပြေပေမယ့် တီးတိန်မြို့ကလာချင်တဲ့ သူတွေကျတော့ တကူးတကကြီးဖြစ်နေတဲ့အတွက် ခိုင်ကမ်း- ပိန်းပိ- တီးတိန်လမ်းကို အခုဖောက်လုပ်နေပြီး မကြာခင် ကားတွေ၊ ဆိုင်ကယ်တွေသွားလာနိုင်တဲ့အထိ ဖောက်လုပ်သွားမယ်။ အဆင့်မြှင့်တင်သွားမယ်”ဟု ၎င်းက ပြောသည်။ 
ချင်းပြည်နယ်တွင် ပထမဦးဆုံးသော ဆင်စခန်းဧရိယာမှာ ဧက ၁၅၀ ရှိပြီး တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ သစ်နှင့် ပိန်းပိကျေးရွာကြားရှိ တီးတိန်မြို့နယ်စီးယင်းကြိုးဝိုင်းအတွင်းတည်ရှိရာ အဆိုပါဆင်စခန်းတွင် ဆင် ခုနစ်ကောင်နှင့် သဘာဝတောထဲသို့အလည်အပတ်ပို့ဆောင်ပေးမည်ဖြစ်သည်။
 ဝင်ကြေးအဖြစ် လူကြီးကျပ် ၁၀ဝ၀၊ ကလေးအခမဲ့သတ်မှတ်ထားကာ တစ်ဦးလျှင်ဆင်စီးခလူကြီးကျပ် ၅၀ဝ၀၊ ကလေးကျပ် ၃၀ဝ၀ သတ်မှတ်ထားသည်။
လတ်တလောတွင် အဆိုပါဆင်စခန်းသို့ ကလေးမြို့နယ်နှင့် ချင်းတောင်ပေါ်မှခရီးသွားများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများက အများဆုံးလာရောက်လည်ပတ်လျက်ရှိကြောင်း ချင်းပြည်နယ်သစ်ထုတ်လုပ်ရေးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး