မက္ကဆီကိုအလယ်ပိုင်းတွင် ရေနံပိုက်လိ်ုင်းတစ်ခု ယိုစိမ့်ရာမှ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးကာ ၇၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မက္ကဆီစီးတီးမြောက်ဘက် ကီလိုမီတာ ၁၀ဝ အကွာရှိ ဟီဒါလ်ဂိုပြည်နယ်အတွင်း မြို့ငယ်လေးတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေနံသူခိ်ုးဂိုဏ်းများကို နှိမ်နင်းမည့်စစ်ဆင်ရေးတစ်ရပ်ကို သမ္မတသစ် လိုပက်ဇ်အော်ပရာဒေါက စတင်စေခဲ့ပြီး သုံးပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ပထမ ၁၀ လအတွင်း ပိုက်လိုင်းမှ ရေနံခိုးယူမှု ၁၂၅၈၁ ကြိမ်ဖြစ်ပွားခဲ့ရာ တစ်ရက်လျှင် ပျမ်းမျှ ၄၂ ကြိမ်ဖြစ်ခဲ့သည်။
ပိုက်လိုင်းမှယိုစိမ့်နေသည့် ရေနံများကို ခိုးဝှက်ကဲ့ယူရန် ဒေသခံအများအပြား အလုအယက် လှုပ်ရှားကြစဉ် ပေါက်ကွဲခြင်းကြောင့် ၄င်းတို့မီးလောင်ခံခဲ့ရကြောင်း၊ မီးလောင်ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာကို ဆေးရုံသို့ ပိ်ု့ဆောင်ပေးခဲ့ကြောင်း ဟီဒါလ်ဂိုပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဖေယက်က ပြောဆိုသည်။
ယင်းနောက် အုပ်ချုပ်ရေးမှူးသည် အချင်းဖြစ်ရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်စစ်ဆေးကာ ဒေသခံများကို ကူညီရန် ကတိပြုခဲ့သည်။
မက္ကဆီကိုနိုင်ငံပိုင်ရေနံကုမ္ပဏီ ပီးမက်စ်၏ပိုက်လိုင်းယိုစိမ့်ခြင်းဖြစ်ပြီး ရေနံခိုးသူများလက်ချက်ကြောင့် ပိုက်လိုင်း ယိုစိမ့်ကြောင်း ကုမ္ပဏီဘက်ကပြောဆိုခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာကလည်း မက္ကဆီကိုအလယ်ပိုင်းတွင် ပိုက်လိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ကလေး ၁၃ ဦး အပါအဝင် ၂၈ ဦး သေဆုံးခဲ့ရာ ပိုက်လိုင်းယိုစိမ့်မှုအတွက် ရေနံသူခိုးများကိုပင် အစိုးရက အပြစ်တင်ခဲ့သည်။

















