အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ်တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလကုန်ပိုင်း၌ ကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်တွင် ကင်ဂျုံအွန်၏ ညာလက်ရုံး ဗိုလ်ချုပ်ကြီးဟောင်း ကင်ယုံချိုလ်နှင့် သမ္မတထရမ့်တို့ မိနစ် ၉၀ ကြာမျှ နျူကလီးယားအရေး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံမည့်နေရာကို မကြာမီ ထုတ်ပြန်မည်ဟုလည်း သိရသည်။
ကင်ဂျုံအွန်၏စာကို သယ်ဆောင်လာသည့် ကင်ယုံချိုလ်သည် ယင်းစာကို သမ္မတထရမ့်ထံပေးအပ်ခဲ့ပြီးပြီဟု ယုံကြည်ရသည်။ မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များဖျက်သိမ်းကြောင်းသေချာသည်အထိ ၄င်းအပေါ် အမေရိကန်က ဖိအားနှင့်ပိတ်ဆို့မှုဆက်လက်ချမှတ်မည်ဖြစ်ကြောင်း၊ ဓားစာခံများပြန်လွှတ်ပေးခြင်းနှင့် အခြား လုပ်ရပ်အချို့က ကောင်းမွန်သည့်ခြေလှမ်းများဖြစ်ကြောင်း၊ လာမည့်ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ဆာရာဆန်းဒါးစ်က ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို ပြုံယမ်းသို့ရောက်ရှိခဲဲ့ပြီးနောက် ယမန်နှစ်မေလက မြောက်ကိုရီးယားသည် ထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားသုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။ ပွမ်ပီယိုသည် ဝါရှင်တန်၌ ရောက်ရှိနေသည့် ကင်ယုံချိုလ်နှင့် ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံပြီး နေ့လည်စာအတူသုံးဆောင်ခဲ့သည်။
ထရမ့်နှင့်ကင်တို့၏ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲသည် ကိုရီးယားကျွန်းဆွယ်တွင် ထာဝစဉ်တည်တံ့သည့် ငြိမ်းချမ်းရေး ထူထောင်နိုင်ရေးအတွက် အလှည့်အပြောင်းဖြစ်ရန် မျှော်လင့်ကြောင်း တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။
ထရမ့်နှင့်ကင် ဒုတိယအကြိမ်တွေ့ဆုံမှုကျင်းပမည့်နေရာအဖြစ် ဗီယက်နမ်က ရေပန်းစားနေပြီး ထိုင်း၊ ဟာဝိုင်အီနှင့် စင်ကာပူတို့လည်း ပါဝင်သည်။
နျူကလီးယားအရေးဆွေးနွေးမှုများသည် မြောက်ကိုရီးယားက ၄င်း၏နျူကလီးယားနှင့်ဒုံးကျည်စခန်းများနှင့် ပတ်သက်သည့်အချက်အလက်အသေးစိတ်များကို ပေးအပ်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ရပ်တန့်နေသည်။
ယင်းသို့ ပေးအပ်ပါက ယင်းလက်နက်များကို ကြားဖြတ်ဟန့်တားနိုင်မည်ကို စိုးရိမ်ခြင်းကြောငြ့်ဖစ်ဖွယ်ရှိသည်။ နျူနှင့်ဒုံးကျည် စမ်းသပ်မှုများ ဆိုင်းငံ့ထားခဲ့ပြီးနောက် နောက်ထပ်ဖျက်သိမ်းရေးခြေလှမ်းများ မစတင်မီ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ အဆုံးသတ်ရန်နှင့် လုံခြုံရေးအာမခံချက်ပေးရန် မြောက်ကိုရီးယားက တောင်းဆိုထားသည်။

















