ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားဆက်နွှယ်မှု သက်သေရှိဟု ပြောသည့် ဘယ်လာရုစ်မော်ဒယ် ရုရှား၌အဖမ်းခံထားရ

ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားဆက်နွှယ်မှု သက်သေရှိဟု ပြောသည့် ဘယ်လာရုစ်မော်ဒယ် ရုရှား၌အဖမ်းခံထားရ

၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့်၏မဲဆွယ်အဖွဲ့နှင့် ရုရှားဆက်နွှယ်ခဲ့မှု သက်သေအထောက်အထား ၄င်းထံတွင် ရှိကြောင်း ယမန်နှစ်က ပြောဆိုခဲ့ဖူးသည့် ဘယ်လာရုစ်မော်ဒယ်အမျိုးသမီး နာစ်တြာ ရိုင်ဘကာသည် ရုရှားတွင် ဖမ်းဆီးခံထားရသည်။

အသက် ၂၇ နှစ်အရွယ် ရိုင်ဘကာကို ထိုင်းက ပြည့်တန်ဆာအလို့ငှာ မြှူဆွယ်မှုဖြင့် နှင်ထုတ်ခဲ့၍ လေကြောင်းခရီးဖြင့် မော်စကိုသို့ရောက်ရှိလာစဉ် ရုရှားရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ 
ရိုင်ဘကာက
ထရမ့်မဲဆွယ်အဖွဲ့နှင့် ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံရသူ ရုရှားဘီလျံနာ အိုလက် ဒီရီပါစကာနှင့် ယင်းကိစ္စပြောဆိုခဲ့စဉ် ဖမ်းယူထားသည့်အသံဖိုင်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။
    ဒီရီပါစကာသည် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် နီးစပ်သကဲ့သို့ ထရမ့်မဲဆွယ်အဖွဲ့ မန်နေဂျာဟောင်း ပေါလ်မနာဖို့တ်နှင့်လည်း အလုပ်ဆက်ဆံရေးရှိသည်။ မနာဖို့တ်သည် ၂၀၁၆ မဲဆွယ်ကာလနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရပြီး လွန်ခဲ့သည့်နှစ်က အခွန်ရှောင်မှု၊ ဘဏ်စာရင်းလိမ်လည်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
    ရိုင်ဘကာနှင့် လိင်မှုအကြံပေးအလက်ဇန္ဒားကီရီလော့ဗ်တို့သည် ထိုင်းတွင် တရားမဝင် လိင်မှုသင်တန်းပေးမှုဖြင့် ကိုးလကြာထိန်းသိမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ်တစ်နှစ်ခွဲချမှတ်ခံခဲ့ရသည်။ ၄င်းတို့ထိန်းသိမ်းခံရစဉ်အတွင်း ရုရှားသို့ နှင်ထုတ်ခံရမည့်အရေးစိုးရိမ်ခြင်းကြောင့် အမေရိကန်သံရုံးသို့ အကူအညီတောင်းခံခဲ့ဖူးသည်။ 
ဇန်နဝါရီ ၁၈ ရက်၌ ၄င်းတို့ကို ထိုင်းမှနှင်ထုတ်ခဲ့ရာ ဘယ်လာရုစ်မြို့တော် မင့်စ်ခ်သို့ပြန်ရန် မော်စကိုရှိ ရှဲရီမက်ယီဗိုလေဆိပ်၌ တစ်ထောက်နားခိုက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
    ရိုင်ဘကာ(အမည်ရင်းအနက်တာဆီးယာဗာရှုကီဗစ်ချ်) နှင့်သုံးဦးပါအဖွဲ့ ဖမ်းဆီးခံခဲ့ရပုံကို အတူပါသည့် ၄င်း၏ရှေ့နေ ဒီမီထရီဇင်ဆာရင်စကီးက ဗွီဒီယိုရိုက်ကူးလျက် အင်စတာဂရမ်ကွန်ရက်ပေါ် ထုတ်လွှင်ခဲ့သည်။ 
၄င်းဗွီဒီယိုကို ရုရှားရုပ်သံလွှင့် ဌာနများနှင့် အကျင့်ပျက်မှုတိုက်ဖျက်ရေးဘလော့ဂါ အလက်ဇီ နာဗယ်ညီတို့ကလည်း တွစ်တာလူမှုကွန်ရက်ပေါ် တင်ခဲ့သည်။
ရုရှား၏အပြုအမူသည် နိုင်ငံတကာအရှုပ်တော်ပုံတစ်ရပ်ဟု ပေါ်လွင်ကြောင်းလည်း ဇင်ဆာရင်စကီးက ဝေဖန်ခဲ့သည်။ ရိုင်ဘကာနှင့်သုံးဦးကို ပြည့်တန်ဆာမှုနှင့်ဆက်နွှယ်သောပုဒ်မဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 
ယင်းပုဒ်မသည် ထောင်ဒဏ် ၆ နှစ်အထိချမှတ်နိုင်သည်။