ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာရှိ ရဲသင်တန်းကျောင်းတစ်ကျောင်း၌ ဇန်နဝါရီ ၁၇ ရက်တွင် ကားဗုံးခွဲမှုတစ်ခုကြောင့် လူ ၂၁ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပြီးနောက် ယင်းလုပ်ရပ်သည် အမျိုးသားလွတ်လပ်ရေးစစ်တပ်( အီးအယ်လ်အင်န်)၏လုပ်ရပ်ဖြစ်ကာ ကျူးဘားနိုင်ငံ ဟာဗားနား၌ ရောက်ရှိနေသည့် အီးအယ်လ်အင်န်တပ်မှူး ၁၀ ဦးကိုဖမ်းဆီးပေးရန် ကျူးဘားအစိုးရအား ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူက ဇန်နဝါရီ ၁၈ ရက်နှောင်းပိုင်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။
ကိုလံဘီယာ၌ နောက်ဆုံးကျန်ရစ်ခဲ့သည့် သူပုန်အဖွဲ့ဖြစ်သော အီးအယ်လ်အင်န်၏ခေါင်းဆောင်များအား ဖမ်းဆီးမိန့်ကို ရုပ်သိမ်းခဲ့ရာ သမ္မတအိုင်ဗန်ဒူက ယင်းရုပ်သိမ်းမှုကို ဇန်နဝါရီ ၁၈ ရက်တွင် ဖျက်သိမ်းခဲ့သည်။
အီးအယ်လ်အင်န်သည် ငြိမ်းချမ်းရေးလိုလားခြင်းမရှိကြောင်း သိသာထင်ရှားခဲ့ပြီဖြစ်သည် ဟု ဒူက ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်ခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ အီးအယ်လ်အင်န်သည် အကြမ်းဖက်တိုက်ခိုက်မှု ၄၀ဝ ခန့်ကို ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ရဲသင်တန်းကျောင်းတိုက်ခိုက်မှုကို လက်တစ်ဖက်သာရှိသည့် အီးအယ်လ်အင်န်ဖောက်ခွဲရေးပစ္စည်းကျွမ်းကျင်သူက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကိုလံဘီယာအာဏာပိုင်များကပြောဆိုခဲ့သည်။
ဖောက်ခွဲမှုကျူးလွန်သူ အသက် ၅၆ နှစ်အရွယ် ဟိုဆေး အယ်လ်ဒါမာ ရိုဟာစ်သည် ရာဇဝတ်မှုကျူးလွန်သည့် မှတ်တမ်းမရှိခဲ့သော်လည်း ထောက်လှမ်းရေးမှတ်တမ်းများတွင်မူ အခြားနာမည်တစ်ခုဖြစ်သည့် မိုချို ကီကိုဆိုသည့် အမည်ဖြင့် မှတ်တမ်းတင်ခံထားရသူဖြစ်သည်။
၎င်းသည် ဗင်နီဇွဲလားနယ်စပ်ရှိ အီးအယ်လ်အင်န်စခန်းငယ်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း မှတ်တမ်းတွင်ဖော်ပြထားသည်။ ဇန်နဝါရီ ၁၇ ရက်တိုက်ခိုက်မှုတွင် ၎င်းသေဆုံးခဲ့သည်။
အီးအယ်လ်အင်န်သည် တိုက်ခိုက်မှုအားလုံးကိုရပ်ဆိုင်းပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၁၆ ဦးကိုပြန်လွှတ်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုပြန်စမည်ဖြစ်ကြောင်း သမ္မတဒူကပြောဆိုခဲ့သည်။
ထို့ပြင် အီးအယ်လ်အင်န်သူပုန်များကို လက်ခံနေသည့် နိုင်ငံများကိုလည်း သမ္မတဒူက ပြစ်တင်ပြောဆိုခဲ့သည်။ ဗင်နီဇွဲလားနယ်စပ်တစ်လျှောက်တွင် အီးအယ်လ်အင်န်သူပုန်များ ကျက်စားနေကြောင်း ကိုလံဘီယာထောက်လှမ်းရေးများက ယူဆထားသည်။
ကိုလံဘီယာရှိ အင်အားအကြီးဆုံးသူပုန်အဖွဲ့ ဖာ့စ်နှင့် ၂၀၁၆ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့သည့် ကျူးဘားသည် အီးအယ်လ်အင်န်သူပုန်များနှင့် ကိုလံဘီယာအစိုးရတို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုရရှိအောင် ကြားဝင်ပေးနေခြင်းဖြစ်သည်။

















