ဂါဇာနှင့် အစ္စရေးနယ်စပ်၌ ပါလက်စတိုင်းသားထောင်ပေါင်းများစွာ ဆန္ဒပြ

ဂါဇာနှင့် အစ္စရေးနယ်စပ်၌ ပါလက်စတိုင်းသားထောင်ပေါင်းများစွာ ဆန္ဒပြ

ဂါဇာနှင့်အစ္စရေးနယ်စပ်၌ ပါလက်စတိုင်းသားထောင်ပေါင်းများစွာသည် အပတ်စဉ်ပြုလုပ်နေကျ ဆန္ဒပြမှုများကို ပြုလုပ်သည့်အနေဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး မျက်ရည်ယိုဗုံးများ လူနာတင်ယာဉ်ကိုထိမှန်မှုကြောင့် ကျန်းမာရေးဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 
လွန်ခဲ့သောအပတ်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြများအတွင်း ပါလက်စတိ်ုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး ပါလက်စတိုင်းသား ၂၄ ဦးကျော်နှင့် အစ္စရေးစစ်သည်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးစစ်သည်ဒဏ်ရာရရှိမှုကို လက်စားချေသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ဂါဇာရှိ ဟာ့မာ့စ်အကြမ်းဖက်အဖွဲ့၏ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။
    ကာတာမှပေးပို့လိုက်သည့်စီးပွားရေးအကူအညီများကို ပိတ်ဆို့ထားသည့် ဂါဇာသို့ ပေးပို့သင့်မသင့်ကို ဇန်နဝါရီ ၁၈ ရက် အခြေအနေအပေါ်မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း အစ္စရေးသတင်းစာ ဟာရက်က ဖော်ပြခဲ့သည်။ 
ကာတာက ဂါဇာရှိ အစိုးရဝန်ထမ်းများအတွက် ရည်ရွယ်သည့် အကူအညီများကို အစ္စရေးက နိုဝင်ဘာကတည်းက ခွင့်ပြုနေခြင်းဖြစ်သည်။

သို့သော် ယခုလအတွင်း ဂါဇာမှပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်းကြောင့် အစ္စရေးမကျေမနပ်ဖြစ်ပြီး ယင်းအကူအညီများကို လွှဲပြောင်းပေးရန် နှောင့်နှေးသွားခဲ့သည်။
    ဂါဇာကို ဟာ့မာ့စ်အဖွဲ့က ထိန်းချုပ်ခဲ့သည့် ၂၀ဝ၇ ခုနှစ်မှစ၍ အစ္စရေးနှင့် အီဂျစ်တို့က ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းသွားရေးအတွက် ဟာ့မာ့စ်သည် အပတ်စဉ်ဆန္ဒပြမှုများကိုပြုလုပ်ရန် ပါလက်စတိုင်းသားများကို တိုက်တွန်းခဲ့သည်။ 
ပိတ်ဆို့မှုကြောင့် ဂါဇာရှိ စီးပွားရေးထိခိုက်ခဲ့ပြီး အလုပ်အကိုင်မဲ့မှုနှုန်းသည် ၅၀ ရာခို်ုင်နှုန်းကိုကျော်လွန်သွားခဲ့သည်။
    ဆန္ဒပြမှုများစတင်ဖြစ်ပွားသည့် လွန်ခဲ့သော နွေဦးမှစ၍ အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၈၅ ဦးကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်တွင် အစ္စရေးစစ်သည်တစ်ဦးလည်း သေဆုံးခဲ့သည်။ ဟာ့မာ့စ်သည် ဆန္ဒပြမှုများကို အသုံးချပြီး တိုက်ခိုက်ရန် စီစဉ်နေကြောင်း အစ္စရေးက စွပ်စွဲပြောဆိုခဲ့ပြီး နယ်စပ်ကိုကာကွယ်ရန်သာ အင်အားသုံးရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 
သို့သော် အစ္စရေးစစ်တပ်သည် အင်အားအလွန်အကျွွံသုံးစွဲနေကြောင်း ပါလက်စတိုင်းသားများနှင့် လူ့အခွင့်အရေးအဖွဲ့များကပြောဆိုခဲ့သည်။