ရီယိုဒီဂျနေရိုအား ကမ္ဘာ့ဗိသုကာမြို့တော်အဖြစ် ယူနက်စကိုသတ်မှတ်

ရီယိုဒီဂျနေရိုအား ကမ္ဘာ့ဗိသုကာမြို့တော်အဖြစ် ယူနက်စကိုသတ်မှတ်

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဌာန( ယူနက်စကို) က ဘရာဇီးရှိ ရီယိုဒီဂျနေရိုမြို့အား ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့ဗိသုကာမြို့တော်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ရုံးချုပ်၌ ယူနက်စကိုယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ညွှန်ချုပ် အဲနက်စ်တို ရေနတို အော့တိုနဲ ရာမီရက်ဇ်က ဇန်နဝါရီ ၁၈ ရက်တွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဘရာဇီးရှိ ယူနက်စကိုရုံးခွဲက ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာဗိသုကာပညာရှင်များသမဂ္ဂကွန်ဂရက်စ်ကို ကျင်းပရန် ရွေးချယ်ခံရပြီးနောက် ရီယိုမြို့အား ကမ္ဘာ့ဗိသုကာမြို့တော်အဖြစ် သတ်မှတ်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

ဗိသုကာကွန်ဂရက်စ်ကျင်းပနိုင်ရန် ၂၀၁၄ ခုနှစ်တွင် ရီယိုသည် ပါရီ၊ မဲလ်ဘုန်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်။ 
    ယူနက်စကိုနှင့် နိုင်ငံတကာဗိသုကာများသမဂ္ဂ( ယူအိုင်အေ)တို့ပူးပေါင်းပြီး ဖော်ဆောင်သည့် အစီအစဉ်အရ ရီယိုသည် ဗိသုကာမြို့တော်အဖြစ် ပထမဆုံးသတ်မှတ်ခံရသည့် မြို့ဖြစ်သည်။ 
သုံးနှစ်တစ်ကြိမ်ကျင်းပသည့် ယူအိုင်အေကွန်ဂရက်စ်သည် ရီယို၌ ၂၀၂၀ ပြည့်နှစ် ဇူလိုင်တွင်ကျင်းပမည်ဖြစ်သည်။ 
    ရီယိုသည် ကမ္ဘာ့ဗိသုကာမြို့တော်အဖြစ်သတ်မှတ်ခံရခြင်းကြောင့် ရေရှည်တည်တံ့သည့် မြို့ပြဖွံ့ဖြိုးရေးအတွက် ဗိသုကာနှင့် ယဉ်ကျေးမှု၏အရေးပါသော ကဏ္ဍပိုမိုထင်ရှားလာခဲ့ကြောင်း လက်ထောက်ညွှန်ချုပ် အော့တိုနဲ ရာမီရက်ဇ်ကပြောဆိုခဲ့သည်။

ယူအိုင်အေကွန်ဂရက်စ်ကို လူ ၂၅၀ဝ၀ ခန့်တက်ရောက်မည်ဖြစ်ပြီး မြို့ပြစီမံကိန်း၊ လူဦးရေနှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေသည့် ဖွံ့ဖြိုးမှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။