ဆန္ဒပြသူများအား နှိမ်နင်းမှု လူသိရှင်ကြားမဖြစ်စေရေး ဇင်ဘာဘွေအစိုးရက အင်တာနက်စနစ် လုံးဝရပ်ဆိုင်း

ဆန္ဒပြသူများအား နှိမ်နင်းမှု လူသိရှင်ကြားမဖြစ်စေရေး ဇင်ဘာဘွေအစိုးရက အင်တာနက်စနစ် လုံးဝရပ်ဆိုင်း

ဇင်ဘာဘွေအစိုးရသည် လောင်စာဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒထုတ်ဖော်နေသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးနှိမ်နင်းနေမှုများ မပျံ့နှံ့စေရေးအတွက် ဇန်နဝါရီ ၁၈ ရက်မှစ၍ အင်တာနက်စနစ်ကို လုံးဝရပ်ဆိုင်းထားလိုက်ပြီဖြစ်သည်။

ဆန္ဒပြမှုများအတွင်း လူ ၁၂ ဦးခန့်သေဆုံးခဲ့ပြီးဖြစ်သည်။ ဇင်ဘာဘွေရှိ ဓာတ်ဆီဈေးနှုန်းသည် ကမ္ဘာ့ဈေးအကြီးဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

လောင်စာဈေးနှုန်းကို ကျဆင်းရေးလုပ်ဆောင်ပေးခြင်းမရှိသောကြောင့် နိုင်ငံသားများသည် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။ 
လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှားသူများနှင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အင်အားသုံးနှိမ်နင်းနေသည့် ဓာတ်ပုံများ ပျံ့နှံ့နေသော်လည်း သမ္မတအဲမာဆင် နန်ဂတ်ဂွာဦးဆောင်သော အစိုးရကမူ ဆူပူမှုများဖြစ်ပေါ်အောင် အတိုက်အခံများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    အစိုးရက ပြည်သူများ၏အုံကြွမှုကို သည်းမခံဘဲ နှိမ်နင်းနေခြင်းနှင့် ပြိုလဲနေသည့် စီးပွားရေး ပြန်လည်ဦးမော့အောင် လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် ဇင်ဘာဘွေသည် သမိ်ုင်းတစ်လျှောက် အခက်ခဲ အကျပ်တည်းဆုံးကာလနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဇင်ဘာဘွေကက်သလစ်ဂိုဏ်းအုပ်ဘုန်းကြီးများကွန်ဖရင့်စ်က ထုတ်ပြန်ခဲ့သည်။
    အစိုးရ၏ညွှန်ကြားချက်အရ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် ဝှက်စ်အပ်ကဲ့သို့ လူမှုမီဒီယာများအသုံးပြုခွင့်နှင့် အင်တာနက်စနစ်တို့ကို ပိတ်ဆို့ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ဇင်ဘာဘွေရှိ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ အီကိုနက်က အသုံးပြုသူများထံသို့ မက်ဆေ့ဂျ်ပေးပို့ခဲ့သည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လစာများလည်း မရရှိသေးဘဲဖြစ်နေရာ တချို့သည် ဘတ်စ်ကားခပင်မတတ်နိုင်သောကြောင့် နေအိမ်များမှာပင် နေထိုင်နေရသည်။
    လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံရမည်ကို စိုးရိမ်သောကြောင့် စားဝတ်နေရေးအတွက် အပြင်ထွက်သည့် ဇင်ဘာဘွေသားများသည် ဈေးဆိုင်တချို့သို့သွားရောက်ခဲ့သော်လည်း ဆိုင်များ၌ ပေါင်မုန့်ကဲ့သို့ အခြေခံစားသောက်ကုန်များပြတ်လပ်နေသည်နှင့်သာ ကြုံခဲ့ရသည်။

နာမည်ကျော် တရားဟောဆရာဖြစ်သလို လှုပ်ရှားသူလည်းဖြစ်သည့် အဲဗန် မာဝါရီရာအပါအဝင် လူ ၆၀ဝ ကျော် အဖမ်းခံခဲ့ရပြီးဖြစ်သည်။

မာဝါရီရာသည် လူမှုမီဒီယာမှတစ်ဆင့် ဆန္ဒပြမှုများကိုထောက်ခံခဲ့သောကြောင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရဖွယ်ရှိနေသည်။