အနန္တကျေးဇူးရှင်၏ အနှိုင်းမဲ့အမေ့မေတ္တာ

အနန္တကျေးဇူးရှင်၏ အနှိုင်းမဲ့အမေ့မေတ္တာ

အနန္တဂိုဏ်းဝင်ကျေးဇူးရှင် မွေးမိခင်များအား ဂုဏ်ပြု ရန်နှင့် လူမှုအသိုက်အဝန်းတွင် မိခင်များ၏ အရေးပါမှု အခန်းကဏ္ဍကို ထင်ဟပ်စေရန်အတွက် နှစ်စဉ်ကမ္ဘာတစ် ဝန်းတွင် မိခင်များနေ့ (အမေများနေ့) ကို ကျင်းပလေ့ရှိကြ သည်။

၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဝူးဒရိုးဝီလဆင် (Woodrowwilson- 1913-1921) က အတည်ပြု လက်မှတ်ရေးထိုးသတ်မှတ်ခဲ့သည့် မိခင်များ နေ့ကို နိုင်ငံအလိုက် သူ့ရက်နှင့်သူ သတ်မှတ်ခဲ့ကြ သည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဇန်နဝါရီလတွင် ကျရောက် လေ့ရှိသည့် ပြာသိုလပြည့်နေ့ကို "မိခင်များနေ့"ဟု သတ် မှတ်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် မန္တလေးမြို့တွင် ဆရာကြီး ဦးသုခကိုယ်တိုင်ဟောပြောကာ ပြာသိုလပြည့်နေ့ကို မိခင် များနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်၌ ဆရာချစ်စံဝင်းက ရွှေတိဂုံဘုရားအရှေ့မုခ်တွင် အတတ် ပညာရှင်များ စုပေါင်းကာ ထပ်မံကျင်းပဟောပြော၍ အတည်ပြုခဲ့သည်။

ပြာသိုလရာသီ

ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဆယ်ခု မြောက်လဖြစ်၏။ ဆောင်းဥတုတွင် ပါဝင်သည်။ ဗေဒင် အခေါ်အဝေါ်အားဖြင့် ပြာသိုလကို မကာရရာသီဟု ခေါ် သည်။ ထိုရာသီတွင် ဖုသျှနက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင် ကာ မွန်းတည့်၏၊ နေမင်းသည် ဥတ္တရာသန်နက္ခတ်နှင့် ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာ မကန်းငါးရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခွာညိုပန်းဖြစ်၏။ ဤသို့ မိုးလေကင်းစင်သာ ယာသော ပြာသိုလတွင် ကျရောက်သည့် ဇန်နဝါရီလသည် မြန်မာနိုင်ငံမှာ ]နှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့} နေ့ထူး နေ့မြတ်အဖြစ် ကျင်းပသဖြင့် မိခင်များနေ့နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

တုနှိုင်းမရမိခင်

ဗုဒ္ဓဂုဏောအနန္တော၊ ဓမ္မဂုဏောအနန္တော၊ သံဃာ့ဂုဏော အနန္တော၊ မာတာပိတုဂုဏောအနန္တော၊ အာစရိယဂုဏော အနန္တော အနန္တောအနန္တ ငါးပါးရှိသည်။ ဘုရား တရား သံဃာ မိဘ ဆရာတို့သည် တုနှိုင်း၍မရသော အနန္တဂိုဏ်း ဝင်များဖြစ်ကြသည်။ လောက၌ အမြင့်ဆုံး အမြတ်ဆုံး သော တရားငါးပါးတွင်ပါဝင်ပေရာ တုနှိုင်းမရသော မိခင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မိခင်များနေ့ (အမေများနေ့) ကို နိုင်ငံတစ်ဝန်း၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြသည်။ မိခင်များနေ့ ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ကျင်းပသည်ဖြစ်စေ ကျေးဇူးရှင်မွေးမိခင်များကို အောက်မေ့ သတိရခြင်းသည်ပင်လျှင် မင်္ဂလာတစ်ပါးဖြစ်သည်။

လူဖြစ်အောင် ဖန်တီးသောမိခင်

မိခင် သို့မဟုတ် အမေသည် ကျွန်ုပ်တို့ကို လူဖြစ်အောင် ဖန်တီးပေးခဲ့သည်။ ဤကမ္ဘာကြီးတွင် မိခင်ကျေးဇူးနှင့် ကင်းသူရှိမည် မဟုတ်ပေ။ အထူးသဖြင့် မွေးမိခင်များ၏ ကျေးဇူးသည် အနန္တဖြစ်သည်။ အမိဝမ်းတွင်း သန္ဓေတည် စဉ်ကတည်းက အပူ၊ အစပ်၊ အအေးရှောင်ကာ မိမိတို့ကို ဘေးမသီရန်မခ မွေးဖွားနိုင်အောင် အားထုတ်ခဲ့သူဖြစ်သည်။ မွေးဖွားချိန်တွင်လည်း ခြေမွေးမီးမလောင်၊ လက်မွေးမီး မလောင် လူတစ်လုံး သူတစ်လုံးဖြစ်အောင် ယုယပိုက်ထွေး နို့ချိုတိုက်ကျွေးကာ ကြီးပြင်းလာသည်အထိ ကျွေးမွေးစောင့် ရှောက်ခဲ့သူဖြစ်သည်။ ထိုမျှကျေးဇူးကြီးမားသော မိခင်ကို ကျေးဇူးဆပ်ရာ၌ ဘုရားရဟန္တာမှအပ ကျွန်ုပ်တို့ သာမန်လူ သားများအဖို့ မည်သူမျှကျေအောင်ဆပ်နိုင်မည်မထင်။ သို့သော် လူတိုင်းလူတိုင်း မိခင်ကျေးဇူးကိုတတ်နိုင်သမျှ တတ်နိုင်သလောက် ဆပ်ကြဖို့လိုမည်ဖြစ်သည်။

မိခင်များ၏ကျေးဇူး

ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့၏ မိခင်များ ကျေးဇူး သည် အတူတူဖြစ်သည်။ ဘာသာလူမျိုးမရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ အယုတ်အလတ်မရွေး၊ အဆင့်အတန်း ဂုဏ်ဒြပ်မရွေး အမေများအားလုံး၏ အဆင့်အတန်းနှင့် ဂုဏ်ကျေးဇူးများမှာ ခြားနားမှုမရှိချေ။ အမေများ၏ ဂုဏ် ပုဒ်များ၊ ကျေးဇူးများမှာ ဆပ်၍မကုန်နိုင်အောင် အတူတူ ပင် ဖြစ်သည်။

မိခင်မေတ္တာ

လူတိုင်းတွင် ကျေးဇူးရှင်မိခင်များရှိကြသည်။ မိဘ များသည် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်သည့်အပြင် လက်ဦးဆရာလည်းဖြစ်ကြသည်။ အထူးသဖြင့် မိခင်များ သည် ရင်သွေးငယ်များနှင့် ထိတွေ့မှုအများဆုံးရှိကြသည်။ "အမေများ၏ အလှပဆုံးအချိန်သည် သားသမီးများကို နို့ချိုတိုက်ကျွေးပြီး တစိမ့်စိမ့်ကြည့်နေချိန်ဖြစ်သည်" ရင် သွေးငယ်ကို နို့ချိုတိုက်ကျွေးနေသော မိခင်၏ မေတ္တာသည် မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ "မိခင်များ၏ မေတ္တာကြီးမားမှုကြောင့် အနီရောင်သွေးစစ်စစ်မှသည် အာဟာရပြည့်ဝသော အဖြူရောင်နို့ရည်ကြည်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်" များစွာအံ့သြဖွယ်ကောင်း လှပေသည်။

အမေများသည် ငယ်စဉ်တောင်ကျေးကလေးဘဝက တည်းက ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့်ဖြင့် စောင့် ရှောက်ခဲ့သလို လူလားမြောက်၍ အရွယ်ရောက်သည့် တိုင်အောင်ပင် ကျွန်ုပ်တို့ကို ငယ်စဉ်ကလေးကဲ့သို့ပင် အမြဲ မပြတ် ဂရုစိုက်တတ်ပေသည်၊ စိုးရိမ်ပူပန်မှုဖြစ် တတ်ပေ သည်။ သားသမီးမျက်နှာညှိုးလျှင် ခြေမကိုင်မိ လက်မကိုင် မိဖြစ်ကြသူများသည် မိခင်များပင်ဖြစ်သည်။

မိမိတို့သားသမီးများကို ဆင်စီးပြီးမြင်းရံစေချင်သကဲ့သို့ တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိပြီး သားဆိုးသမီး ဆိုးကို စွန့်ပစ်ရိုးထုံးစံမရှိကြပေ။ အလိုလိုက်အကြိုက်ဆောင် သကဲ့သို့ ခွင့်လွှတ်သည်းခံနားလည်ပေးတတ်ကြသည်။ သားသမီးအတွက်ဆိုပါက လက်မနှေးတတ်ကြသည်မှာ မိခင်များပင်ဖြစ်သည်။ သားသမီးများကို ဖခင်မသိအောင် လက်သိပ်ထိုးဆောင်ရွက်ပေးသည်မှာလည်း မိခင်ပင်ဖြစ် သည်။

အင်းဝခေတ်စာဆိုရှင်များ၏အဆိုအမိန့်များ

အင်းဝခေတ်တွင် ထင်ရှားသည့်စာဆိုပညာရှင် ရှင် မဟာရဋ္ဌသာရ (သက္ကရာဇ် ၈၃၀- ၈၉၂) သည်ကိုးခန်းပျို့ လင်္ကာဖြင့် မိဘတို့၏ဘဝကို အောက်ပါအတိုင်းပြဆိုထား လေသည် -

"ရင်သွေးဟူက၊ ချစ်မဝတည့်၊ မိဘတံထွာ၊ သားတကာ နှင့် တစ်ရာနှစ်ကဲ၊ လည်ချင်းနွဲလည်း၊ ရောင့်ရဲမထင်၊ စုံ မက်ပြင်လျက်၊ ဖြုတ်ခြင်ကိုက်နာ၊ မြူရှိမာမှု၊ ရံခါတရစ်၊ မဖြစ်စေရက် အသက်ရှည်ကြောင်း၊ ဆုတောင်းဆုယူ၊ အလှူကောင်းမှု၊ ကိုယ်စားပြုလျက်၊ ဝတ်တုစံပ၊ ဆောင်ရွက် စသားကုံငဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ မကင်းရေမိုး ဥယျာဉ်ပျိုးသို့၊ မညှိုးမခေါင်၊ ကြီးပြင်းအောင်လျှင်၊ စောင် စောင်ပျပ်ပျပ်၊ ကွပ်ညှပ်ဆုံးမ၊ သင်ပြသသည်၊ ငယ်ကလက် ဦးဆရာတည်း" ဟူ၍ ဖွဲ့ဆိုထားလေသည်။ ထို့အတူ အင်းဝခေတ် စာဆိုရှင်မဟာသီလဝံသ

(သက္ကရာဇ် ၈၁၅-၈၈၄) ၏ ပါရမီတော်ခန်းပျို့စာပိုဒ် (၄၅) တွင် သားသမီးတို့၏အပေါ်ထားအပ်သော မိဘမေတ္တာ ထားပုံမှာ-

"မအီမသာ၊ ပူဆာပျောင်းပျ၊ ကြောင်းကြရှိခိုက်၊ ကိုလုံး ဟိုက်လည်း၊ ဖက်ပိုက်ရင်ခွင်၊ ရှေ့တွင်လည်းထား၊ ရှုပျော်ပါး၍၊ သား၏ရုပ်ရည်၊ သီတာမည်သား၊ ရေကြည် ချမ်းမြတစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစေတမ်းဖြင့်" ဟု ဖွင့်ဆိုခဲ့သည်။ ဤသို့ဖြင့် ရှင်မဟာသီလဝံသသည် အမိအဖတို့၏ အဓိကမေတ္တာကို ပါရမီတော်ခန်းပျို့ဖြင့် ဖွင့်ဆိုပြခဲ့သလို စာဆို ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့လာ ရင်သွေးဟူက၊ ချစ်မဝတည့်၊ မိဘတံထွားသားတို့၊ ရုပ်ရည်သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း ဟူ၍ အမိအဖတို့၏ အံ့မခန်းမေတ္တာသင်္ကေတတို့ကို ပြဆို ထားပေသည်။

ဗြဟ္မာနတ်မင်း (လက်ဦးဆရာ)

အင်းဝခေတ်ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်တာ ဆုံးမစာလင်္ကာစာပိုဒ် ၃၉ တွင်-ရင်ဝယ်ဖြစ်ငြား၊ မွေးသည့် သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့ဟူ၍ မိခင်ဝေါဟာရ ကိုပြဆိုထားသည်။ ယင်းလင်္ကာစာပိုဒ် ၁၉၈-၁၉၉ တွင် မိခင်ဖခင်ကျေးဇူးရှင်တို့ကို အမှတ်ထင်ထင်ဖော်ပြထား သည်မှာ ဤသို့ဖြစ်သည်။

"မိခင် ဖခင်တို့သည် မိမိအိမ်၌ ပူဇော်သက္ကာရပြုလျက် ပင် အတူတကွနေရသော သားသမီးတို့ကား ဗြဟ္မာနတ် မင်းနှင့်အတူတကွနေရသည်လည်း မည်ကုန်၏။ မိခင် ဖခင်တို့ကား သားသမီးတို့၏ ဗြဟ္မာနတ်မင်းပင်ကိုတည်း။ ဗြဟ္မာနတ်မင်းတို့ကား မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဤလေးပါးသော အကျင့်တို့ဖြင့် လူသူတကာဟူသမျှကို ရှေးရှုလျက်နေသတည်း။ မိခင်ဖခင်တို့လည်း ငယ်သော အခါ သားသမီးကို ကြီးပြင်း၍ ပြည့်စုံစေချင်သော မေတ္တာ စီးဖြန်းလျက်ရှိနေ၏။"

အင်းဝခေတ်ရှင်မဟာသီလဝံသက အင်္ဂုတ္ထိုရ်ပါဠိအဋ္ဌက ထာတွင် ဗြဟ္မာတိမာတာပီတရော ပုဗ္ဗစရိယ ဝုစ္စရေ အမိ အဖတို့ကို ဗြဟ္မာဟူ၍လည်းကောင်း၊ လက်ဦးဆရာဟူ၍ လည်းကောင်း ဆိုအပ်ကုန်၏ ဟူ၍ စုပေါင်းမြန်မာပြန် ဆိုထားခြင်း ဖြစ်ပေသည်။ ရှင်မဟာသီလဝံသက မိဘတို့ကို ဗြဟ္မာလက်ဦးဆရာဟူ၍ တင်စားထားလေသည်။ ဤသို့ စကားပြေကျမ်းတွင် မိဘကို ဖွင့်ဆိုဂုဏ်ပြုထားသကဲ့သို့ ခေတ်ပြိုင်စာဆို ရှင်မဟာရဋ္ဌသာရသည် ကိုးခန်းပျို့ကို မြန်မာသက္ကရာဇ် ၈၈၅ ခုနှစ်တွင် စပ်ဆိုရာ စာပိုဒ် ၄၆တွင် "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖအား" ဟူ၍ ဖွင့်ဆိုထားလေသည်။ အင်းဝခေတ် တစ်ခေတ်တည်း တွင် စာဆိုရှင်နှစ်ဦးစလုံးကပင် မိဘတို့ကို လက်ဦးဆရာ ဟူ၍ တင်စားထားလေသည်။

ရှင်မဟာရဋ္ဌသာရသည် အမိဟူသော ဝေါဟာရကို ကိုးခန်းပျို့စာပိုဒ် ၁၆၈ တွင် ]အမိလည်းရ၊ နှမလည်းမှန်း၊ ခင်ပွန်းမှန်းရည်၊ ကျွန်ရာတည်၍ မွေးသည်သားတု မြတ်နိုး ပြုလျက်" ဟူ၍ ပြန်လည်ဖွင့်ဆိုသုံးနှုန်းထားသည်ကို တွေ့ရ သည်။ မြန်မာသက္ကရာဇ် ၄၄၃ ခုနှစ်တွင် ရေးထိုးထားသည့် တောင်ခစည်သဘင်ကျောက်စာ၌ "မွေးသမိခင် မိမိကို မွေးဖွားသော ချစ်ခင်နှစ်သက်အပ်သည့်အမိဟု တင်စား ဂုဏ်ပြုသုံးနှုန်းထားသကဲ့သို့ပင် မိမိကိုယ်တိုင် ဝမ်းနှင့်လွယ် ၍ မမွေးရသော်လည်း ပြုစုစောင့်ရှောက် လုပ်ကျွေးရသော အဖကိုလည်း မွေးသောဖခင် မွေးသဖခင်" ဟူ၍ တင်စား သုံးထားကြောင်း တွေ့ရသည်။

ရာဇကုမာရ်၏ မိခင်

ပုဂံရာဇဝင်တွင် တြိလောကဝဋံသကာဒေဝီဘွဲ့ခံ ကျန် စစ်သားမင်းကြီး၏ မိဖုရားသည် ရာဇကုမာရ်၏ မိခင်ဖြစ် သည်။ ဤမိဖုရားသည် အုတ်ခွက်ဘုရားများစွာကို ကိုယ်တိုင် မိမိလက်ဖြင့် ပြုလုပ်ကိုးကွယ်ပူဇော်ခဲ့သူဖြစ်သည်။ ကိုယ်တိုင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူပီပီ မိမိသားရာဇကုမာရ်ကို လိမ္မာအောင် ပျိုးထောင်ပေးနိုင်သူ မိခင်ဖြစ်သည်။ ဤသို့ ပဲ့ပြင်သွန်သင်ကောင်း၍သာ ရာဇဝင်စာတင်လောက်သည့် မွေးသမိခင်၊ ဖခင်ကို အမြတ်ဆုံးဒါနဖြင့် ဂါရဝပြုနိုင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။

မိခင်ကျေးဇူး ဆပ်မကုန်

မိခင်များ၏ မေတ္တာသည် နူးညံ့သိမ်မွေ့လွန်းလှသည်။ သားသမီးများကို အော်ဟစ်ကြိမ်းမောင်း ရိုက်နှက်လေ့မရှိ ကြချေ။ ပျော့ပျောင်းချိုသာစွာပြောဆိုပြီး ဆုံးမလေ့ရှိကြသည်။ အချို့သောသားသမီးများသည် မိခင်မေတ္တာကိုအခွင့်ကောင်း ယူကာ နွဲ့ဆိုးဆိုးလေ့ရှိကြသည်။ မိဘမေတ္တာကို စော်ကား သူများသည် ဘဝနိဂုံး မလှမပဖြစ်ကြရသည်။ မျက်မှောက် ခေတ်တွင် မိဘမေတ္တာအား လျစ်လျူရှုလာသည့် သားသမီး များစွာကို ပိုမိုကြုံတွေ့လာရသည်။ သတင်းစာများတွင် မိဘကိုစော်ကားလို့ စွန့်ပစ်သည့်သားသမီးအကြောင်းကို မကြာခဏဖတ်ရသဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။

"လိပ်ဥပျောက်လို့ လိပ်မရှာ သူ့ခမျာ ငိုမဲ့ငိုမဲ့" ဟူသည့် ကဗျာနှင့်အညီ လိပ်မကြီးက ၎င်းဥထားခဲ့သည့်လိပ်ဥများကို အဝေးတစ်နေရာမှ မေတ္တာပို့နေကြပြီး လိပ်ဥတူးသူများ က လိပ်ဥများ ယူသွားသည့်အခါ မတွေ့တော့သည့်အဆုံး အသေခံသွားသည့် လိပ်မကြီး၏ မေတ္တာသည်လည်း မိခင် မေတ္တာသာဓကပြစရာဖြစ်ပါသည်။

တိရစ္ဆာန်များတောင်မှ သားသမီးများအတွက် အသက် အသေခံ၍ ချစ်ပြသွားကြသေးသည်ဆိုပါလျှင် အသိÓဏ် ရှိသော လူသားမိခင် (အမေ) တို့သည် အဘယ်မှာလျှင် မိမိတို့ သားသမီးကို မချစ်ဘဲရှိပါမည်နည်း။

ရင်နင့်ဖွယ်ရာ သတင်းသာဓကတစ်ခုကို တင်ပြရသော် ၁၉၇၁ ခုနှစ်ဝန်းကျင် ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ပြေးဆွဲနေသည့် ]တိုးအေး} အမည်ရှိ ဧရာဝတီနှစ်ထပ်သင်္ဘောသည် နိုင်ငံခြားဂျပန်သင်္ဘောတစ် စင်းနှင့် တိုက်မိနစ်မြုပ်ခဲ့ရာ လူတော်တော်များများ အသက် ဆုံးရှုံးခဲ့ရသည်။ သင်္ဘောနစ်မြုပ်ပြီး ၁၅ ရက်အကြာတွင် ရေအောက်မှ လူသေအလောင်းများ တဖြည်းဖြည်းပေါ်လာ တော့သည်။ ပေါ်လာသည့်မြင်ကွင်းတစ်ခုမှာ မိခင်တစ် ယောက်က ရင်သွေးငယ်သားကလေးကို ရင်ခွင်မှာပိုက်၍ ပေါ်လာခဲ့သည်။ သင်္ဘောနစ်မြုပ်ခဲ့စဉ်က မိခင်ဖြစ်သူသာ တစ်ကိုယ်ကောင်းဆန်ပြီး ကူးခပ်ပြေးခဲ့မည်ဆိုပါက လွတ် ကောင်းလွတ်သွားနိုင်သည်။ သို့သော် အမေဖြစ်သူသည် သားငယ်ကိုချစ်သည့် မေတ္တာကြောင့် သူပါရော၍ အသေခံသွားခဲ့ခြင်းဖြစ်သည်။ ဤကြေကွဲဖွယ်ရာ တိုးအေးနစ်မြုပ်ခဲ့သည့်မြင်ကွင်းကို ကဗျာဆရာကြီး သမိန်သောင်းက ဤသို့ ဖော်ကျူးရေးဖွဲ့ ခဲ့သည်ကို ဖတ်ရှုရသည်။

"ဆယ့်ငါးရက်မြောက်၊ ချိန်ခါရောက်မှ ရေအောက်က ပေါ် တိုးအေးပေါ်ဝယ်၊ ညှိုးရော်ကြေကွဲ၊ မိခင်ဇွဲကို၊ အသည်းနင့်ဖွယ်မြင်ရသည်။ အရိုးစုမျှ ြွကင်းသော်မှပင်၊ ချစ်လှရင်သွေး သူ့ကလေးအား၊ တွဲဆဲပိုက်ဆဲ၊ ယုယဆဲဟု သဲသဲမဲမဲပြနေသူ။ ရေစီးကလှုပ်၊ လှိုင်းကပုတ်၍၊ နုပ်သည့် ရေမွှား စားသည့် ရေပိုးအကြောင်းဆိုးလည်း တိုးကာထပ် ကာ မေ့သည်းချာအား မကွာမကွဲ ပိုက်ထွေးဆဲ။

အို....မိခင်....

သင်ဘေးကင်းရာ၊ ကူးခပ်ပါ၍၊ လွတ်ရာအဝေး၊ ပြေးနိုင် ပါလျက်၊ မပြေးရက်၍ အသက်စတေးလိုက်ရော့သလား။

အို....မိခင်....

သင်နှင့်အတူ၊ သင့်သည်းအူနှယ်၊ ရည်တူပြည့်သိပ် မိခင်စိတ်ဖြင့်၊ ယိုဖိတ်မေတ္တာ၊ စေတနာကို၊ ခါခါဦးညွတ်လိုက် ပါ၏" ဟူ၍ ဖွဲ့ဆိုထားသည်။

မိခင်များနေ့ရွေးချယ်သတ်မှတ်

ထို့ကြောင့် အမေသည် မည်သည့်နေရာတွင်မဆို အစားဝင်နိုင်သော်လည်း သူ့နေရာကို မည်သူမျှ အစား မဝင်နိုင်၊ အမေ့မေတ္တာလို အစစ်မျိုးကို မဆိုထားနှင့် အလားတူ မေတ္တာပိုင်ရှင်မျိုးကိုပင် မရနိုင်ပါ။ အမေသည် လူသာအိုသည် အမေ့မေတ္တာက အိုသည်မရှိပါ။ အမေ သေလျှင် အစားမရနိုင်ပါ။ ကျေးဇူးရှင် မိခင်များသည် သားသမီးများအပေါ် မေတ္တာစိမ့်စမ်း မပြတ်စီးဆင်းနေလျက်ပင် ရှိကြသည်။ မိဘ၏ စုန်ရေမေတ္တာသည် တသွင်သွင်စီးဆင်းလျက် ရှိသော်လည်း သားသမီးများ၏ ဆန်ရေမေတ္တာမှာမူ တွေ့ရ မြင်ရကြုံရခဲပေသည်။

ဖခင်မှာ အိမ်ထောင်ဝမ်းစာရှာဖွေရသဖြင့် သားသမီး ငယ်များအား အနီးကပ်မစောင့်ရှောက်နိုင်ကြသော် လည်း မိခင်များမှာ မိမိတို့သားသမီးငယ်များကို နေ့စဉ် မပြတ် ဂရုတစိုက်စောင့်ရှောက်ကြသူများဖြစ်သည်။ ထို့ကြောင့် မိဘနှစ်ပါးအနက် မိခင်များနေ့ဟု ရွေးချယ်သတ်မှတ် ခြင်းဖြစ်တန်သည်။

ထို့ကြောင့် မိမိတို့အနေဖြင့် သားသမီးကျင့်ဝတ် ငါးပါးနှင့်အညီ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်မိခင်ကို အလုပ် အကျွေးပြုခြင်း အမှုကိစ္စများအား ဆောင်ရွက်ပေးခြင်း၊ မိခင်စိတ်ချမ်းသာအောင် ဆိုဆုံးမမှုကိုနာခံခြင်း၊ ကွယ်လွန် ပြီးဖြစ်ပါကလည်း မိခင်အား ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှအတန်းများ ပေးဝေခြင်း၊ မိခင်၏ အမျိုးအနွယ်နှင့် သာသနာကို စောင့်ရှောက်ခြင်း စသည့် ကောင်းသော အမှုများကို ပြုလုပ်ကြဖို့ တိုက်တွန်းပါသည်။ သို့မှသာ မိခင်များနေ့တွင် မိခင်ကို ဂုဏ်ပြုရာရောက်လိမ့်မည်၊ ကျေးဇူးဆပ်ရာ ရောက်လိမ့်မည်။ သားကောင်းသမီး ကောင်းများ ဖြစ်ကြလိမ့်မည်ဖြစ်ကြောင်းပါ။

စာကိုး - ဗုဒ္ဓဘာသာကောင်းတစ်ယောက် (သာသနာရေးဦးစီးဌာန) - ရှင်မဟာသီလဝံသ၊ ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်းပျို့။ - ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့၊ သံဝရပျို့။ - သိမှတ်ဖွယ်ရာပြည်မြန်မာ၊ (ပြန်ကြားရေးဝန်ကြီးဌာန)။ - တက္ကသိုလ်တင်ခ၊ မိခင်ဖခင်ကျေးဇူးရှင်၊ မြန်မာ့ဇာတိ မာန်အဘိဓာန်။ - အနန္တကျေးဇူးရှင် မွေးမိခင်၊ (၁၀-၅--၂၀၁၅ ကြေးမုံသတင်းစာ)။ - အေးသန်း (စိန်တုံးကြီး)၊ အနှိုင်းမဲ့အမေ။ - မြန်မာနိုင်ငံကျောက်စာပေါင်းချုပ်၊ ရှေးဟောင်းသုတေသန၊ - ဓမ္မပဒပါဠိဂါထာနှင့် မြန်မာပြန်။ - နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ထုတ်စာနယ်ဇင်းများ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021