တစ်ခါတုန်းက ပြာသိုလ

တစ်ခါတုန်းက ပြာသိုလ

ပြာသိုလပြည့်....။ ပြာသိုလပြည့် အမေနေ့ဟု ဆိုရှယ်ဝက်ဘ်ဆိုက် စာမျက်နှာများထက် ရေပန်းစားနေချိန်၌ သူကတော့ ပြာသိုလဘွဲ့တွေဖတ်ရင်း တစ်ခါတုန်းက ပြာသိုလကိုသတိ ရနေမိ၏။

ပြာသိုချမ်းပြင်း၊

ဆီးနှင်းရောယှက်

နှမ်းပုံဖျက် ...တဲ့။

အမည်မသိရှေးစာဆိုရေးသား ခဲ့သော ဆယ့်နှစ်လ ရာသီမိုးကဗျာ၏ ပြာသိုလဖွဲ့တွင် အထက်ပါအတိုင်း ဖတ် ခဲ့ရသည်။ ပြာသိုလတွင် မိုးနှင့် ဆီးနှင်း ရောယှက်ကျဆင်း သဖြင့် ရိတ်သိမ်းထားသည့် နှမ်းတွေပျက်စီးရလေသလား သူတွေးမိသည်။

"ရာသီညွန့်လမ်း၊ နွယ်ပန်းခွာညို၊ နှင်းစိုချမ်းစိမ့်၊ လွမ်းလိမ့်လေ...."

ဆယ့်နှစ်ရာသီဘွဲ့ လူးတားရေးစပ်ခဲ့သူ ဦးယာကတော့ ပြာသိုလကို ထိုသို့အစချီ၍ လွမ်းစဖွယ် ရေးဖွဲ့ပြီး "ညွန့်ဖူးစိုစို၊ ပန်းခွာညိုလည်း၊ ပြာသိုမာသ၊ မကာရ တွင်၊ ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်း ချမ်းစိမ့်၊ လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊ ကြင်ဖော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊

သနားဖွယ်နှင့် ..."

မြောက်လေတိုက်ကာ ရင်ထဲထိအောင် ချမ်းစိမ့်လွန်း သည့်ရာသီမှာ ကြင်ဖော်နှင့်ကွဲကွာနေရသောဒုက္ခကို စာဆို က ကရုဏာသက်စွာ စပ်ဆိုခဲ့လေသည်။

မဟာအတုလမင်းကြီး၏ ပြာသိုလဘွဲ့ကတော့ ဤသို့ အစချီခဲ့သည်။

"တိမ်ခြေငယ်ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊လ-ပြာသို မှာ၊ နွယ်ခွာညို မြိုင်မြိုင်နှင့်လှိုင်လှိုင်သင်းတဲ့ လကိုလေး ....."

နဝဒေးကြီးကလည်း-

"နတ်လကျွန်း၍ ဆန်းတုံပြာသို၊ ပင်တိုင်းညိုမျှ၊ မြလို့ ပျံ့မွန်း၊ ထုံရည်သွန်းသို့၊ နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊ တရာ့တဆောင်း၊ ရုံးလှာပေါင်းလည်း၊ တူကြောင်းမရှိ၊ ချမ်းလှဘိ၏" ဟု ပြာသိုလကို ဖွဲ့ဆိုခဲ့ပြန်သည်။

အမျိုးသမီးစာဆို မယ်ခွေကတော့ ....

"မီးပူပူ ကင်မဝသည့်၊ လပြာသိုဆောင်း၊ ထည်ပေါင်းမှ ထောင်ရာ၊ ခြုံလေ အေးလေ၊ ကြက်သီးတွေနှင့်...."ဟု ရိုးရှင်းစွာ ရေးဖွဲ့ခဲ့လေသည်။

စာဆိုတွေ အမျိုးမျိုးကွဲပါစေ ပြာသို၏ချမ်းအေးခြင်းကို ဖွဲ့ကြသည်မှာ အတူတူပင်။

ပြာသိုနှင့်ခွာညို၊ ပြာသိုနှင့်ဆီးနှင်း၊ ပြာသိုနှင့်ချမ်းအေး ခြင်းတို့သည်ကား ခွဲခြား၍မရ။ ရာသီက မကာရ၊ နက္ခတ်က ဖုသျှ၊ ရှေးဘုရင်လက်ထက်အခါကတော့ ပြာသိုလမှာ မြင်းခင်းသဘင် ကျင်းပကြသတဲ့။

"ရောင်သိင်္ဂီငယ်၊ ကြယ်ညီဖုသျှ၊ မကာရမို့၊ ရွှေဝဥကင်၊ နန်းရင်ပြင်မှာ၊ လှံလျင်မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်း ထွက်စံ၊ ဗိုလ်ညီလာခံသောအခါ" ဟု မဟာအတုလမင်းကြီး က ရေးခဲ့သည်။

မြင်းခင်းသဘင်ဆိုသည်ကား နိုင်ငံ၏မြင်းတပ်အင်အား နှင့် အရည်အချင်းကိုပြသောပွဲပင်။ ခုခေတ်မှာတော့ မြင်း ခင်းသဘင်တွေက တိမ်ကောချေပြီ။ _____

ထိုထို ရာသီဘွဲ့တွေကိုဖတ်ရင်း ပြတင်းပေါက်ကို လှမ်း ကြည့်လိုက်တော့ ကောင်းကင်မှာ လမင်းကြီးက ထွန်းလင်းလို့ နေသည်။ ရန်ကုန်မြို့၏ နတ်တော်၊ ပြာသိုလ တွေက ရှေးကဗျာတွေထဲကလို အချမ်းမပြင်းတော့သည် မှာ ကြာပြီ။ ဆောင်းငွေ့သက်သော လေပြည်လေညင်း တစ်ချက်တစ်ချက် တိုက်ခတ်၍သာ တော်တော့သည်။ အအေးဓာတ်က ခပ်ဖျော့ဖျော့ ခပ်ပျော့ပျော့။

ပြတင်းပေါက်မှမြင်နေရသော လဝန်းကြီးကိုကြည့် ရင်း တစ်ခါတုန်းက ပြာသိုလပြည့်ညအကြောင်း ခေါင်းထဲ ရောက်လာမိ၏။

တစ်ခါတုန်းက ....

အတိအကျဆိုရလျှင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့်က ...။ _____

မဇ္ဈိမဒေသ၏ လပြာသိုက ချမ်းအေးလွန်းလှသည်။ ဆီးနှင်းတို့ သည်းထန်စွာ ကျနေသဖြင့် ဝန်းကျင်က စိုစွတ် အုံ့မှိုင်းလျက်။ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းအနီးမှာ တော့ ဆီးနှင်းတို့က တဝေဝေ။

ဥရုဝေလတောတွင် နေထိုင်သီတင်းသုံးနေကြသည့် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ အမည်ရ ညီအစ်ကိုသုံးဖော် ရသေ့သုံးပါးကား ကိလေသာ ခေါင်းပါး စေရေး ပြင်းထန်သောအကျင့်များကို ကျင့်နေကြ၏။ အစ်ကိုကြီး ဥရုဝေလကဿပက တပည့်ငါးရာ၊ အစ်ကိုလတ် နဒီကဿပက တပည့်သုံးရာ၊ ညီငယ် ဂယာကဿပက တပည့်နှစ်ရာကို ခေါင်းဆောင်ပြီး နေရဉ္ဇရာမြစ်တွင်း သက်ဆင်းကာ ရေငုပ်ကြလေသည်။ ဒီလောက်အေးတဲ့ အချိန်မှာ ရေငုပ်သည်ဆိုတော့ ...သူတို့ဘယ်လောက် ချမ်းအေးကြရှာမလဲ ...ဟု တွေးလျှင်ပင် ကျောထဲက စိမ့်ခနဲ။

ရေငုပ်၊ မီးလှုံ စသဖြင့် အကျင့်များကျင့်ပါက ကိလေသာ လျော့ပါးမည်ဟူသော အယူစွဲ၊အယူလွဲဖြင့် ချမ်းအေးသော ရာသီတွင် ပြင်းထန်စွာ အစွန်းရောက်အကျင့်တွေကျင့်နေ သူများထံ မြတ်စွာဘုရားက သွားရောက်ကာ ထိုသူတို့၏ အချမ်းဝေဒနာများ သက်သာစေရေးအတွက် ဆောင်ရွက် ပေးတော်မူခဲ့ပါသတဲ့။

ပြာသိုလ၏အအေးဓာတ်က ဗုဒ္ဓမြတ်စွာ၏ မေတ္တာ ကရုဏာတော်ကို ကျော်လွန်နိုင်ရှာမည်မဟုတ်ဟု သူတွေး နေမိသည်။ မြတ်စွာဘုရားက ရသေ့များ ခွဲ၍မရသော ထင်းတုံးများကို တစ်ပြိုင်နက်ကွဲစေခြင်း၊ ရသေ့များ မွှေး၍ မရသော မီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြှိမ်း၍မရသော မီးကို တစ်ပြိုင်နက် ငြိမ်းစေ ခြင်း၊ မီးအိုးကင်းငါးရာကို တစ်ပြိုင်နက်ဖန်ဆင်းခြင်း စသည့် စသည့် တန်ခိုးပြာဋိဟာများပြကာ ရသေ့များကို ဆွဲဆောင်စေခဲ့သည်။ နောက်လိုက်နောက်ပါတပည့်ပေါင်းများစွာကို ဦးဆောင် နေသူ ရသေ့များက မြတ်စွာဘုရားရှေ့မှောက် ဒူးထောက် တပည့်ခံဖို့ဆိုတာ လွယ်သည့်ကိစ္စတော့မဟုတ်၊ ထို့ကြောင့် ပင် မြတ်စွာဘုရားက တန်ခိုးတော်ပေါင်း ၃၅၁၆ မျိုးကို ပြသခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ထိုအခါမှ ရသေ့များက နေရဉ္ဇရာမြစ်ထဲသို့ သူတို့၏ အသုံးအဆောင်များကို စွန့်ပစ်ပြီး ဘုရားထံမှာ ရဟန်းအဖြစ် တောင်းခံခဲ့ကြ၏။ အသုံးအဆောင်များနှင့်အတူ သူတို့၏ မှားယွင်းသော အကျင့်တွေကိုပါ နေရဉ္ဇရာမြစ်ထဲသို့ စွန့် ပစ်ခဲ့ကြခြင်းပေပဲ။ သို့ဖြင့် ရသေ့တစ်ထောင်(ရှင်တစ်ထောင်) လုံး ဧဟိ ဘိက္ခုရဟန်းများ ဖြစ်လာကြလေတော့သည်။ ဗုဒ္ဓမြတ်စွာက ရသေ့တစ်ထောင်အား ကျောက်ဖျာထက်၌နေ၍ "အာဒိတ္တ ပရိယာယ" သုတ္တန်ဒေသနာတော်ကို ဟောကြားတော် မူသည့်အခါ ရှင်တစ်ထောင်လုံး အာသဝေါ ကုန်ခန်းကာ ရဟန္တာများဖြစ်သွားခဲ့ကြလေ၏။

အကယ်၍သာ ရသေ့တစ်ထောင်က အစွန်းရောက်စွာ ပြင်းထန်သောအကျင့်များ မကျင့်ခဲ့လျှင် ဘုရားက သူတို့ အား တရားပြလိမ့်မည်မဟုတ်။

အကယ်၍သာ ဘုရားက သူတို့အား တရားမပြခဲ့လျှင် မြတ်စွာဘုရားသာသနာမှာ ရဟန္တာတစ်ထောင် ပေါ်ထွက်ခဲ့ လိမ့်မည်မဟုတ်။

အကယ်၍သာ ရဟန္တာတစ်ထောင် မပေါ်ထွက်ခဲ့လျှင် ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးအတွက် အလွန်တစ်ရာ ဆုံးရှုံးမည်မှာ ဧကန်မလွဲ။

သို့ဆိုသော် နေရဉ္ဇရာမြစ်ကမ်း၌ ရသေ့တစ်ထောင် အစွန်းရောက်အကျင့်များ ကျင့်ဖြစ်ခဲ့သည်ကပင် ရဟန္တာ တစ်ထောင် ပေါ်ထွက်ခဲ့ခြင်း၏ အစမဟုတ်ပေလော။

အစွန်းရောက်ရသေ့များ တရားရခဲ့သော တစ်ခါက ညတစ်ညဝယ် မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကျောက် ဖျာထက်မှာ စံပယ်တော်မူကာ ရဟန်းတစ်ထောင်အား တရားအမြိုက်ဆေး တိုက်ကျွေးရင်း မဇ္ဈိမလမ်းစဉ်ကို ပြသ ကာ ငြိမ်းအေးစေခဲ့သည်။ အစွန်းရောက်လုပ်ငန်းများ အဆုံးသတ် ရပ်တန့်စေခဲ့သည်။

နေရဉ္ဇရာမြစ်ကြီးကတော့ စီးဆင်းမြဲ စီးဆင်းနေဆဲ ပင်။

ထိုနေ့ကား ပြာသိုလပြည့်နေ့ပင်တည်း။

ပြာသိုလသည် ဆီးနှင်းများကျခြင်း၊ ချမ်းအေးခြင်း၊ ခွာညိုပန်းများပွင့်ခြင်းဆိုသည့် အရာများထက် များစွာသာ လွန်ခဲ့ပေပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ ကျော်က ပြာသိုလတွင် အစွန်းရောက်ခြင်းများကင်းဝေး၍ ငြိမ်းချမ်းခြင်းများ ဖြစ်တည်ခဲ့သလို နောင်အနာဂတ်၌လည်း ထိုကဲ့သို့ ပြာသိုလပေါင်းများစွာ ရောက်လာမည်ကို မျှော်လင့်ရင်း ....။

စာကိုး- - ရာသီသဘင်၊ ဦးသော်ဇင် - ဆယ့်နှစ်ရာသီဘွဲ့လူးတား၊ ဦးယာ - တဆယ့်နှစ်လမိုး၊ ဒဂုန်ဦးစန်းငွေ - အခါတော်နေ့များ၊ မာဂဓီ (သာစည်)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021