မော်တော်ကားသစ်ဈေးနှုန်းအတည်ပြုပေးရန်နှောင့်နှေး၍ မလေးရှားအစိုးရအား မလေးရှားမော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးအသင်းချုပ်က ဝေဖန်ပြစ်တင်နေပြီး ထိုသို့နှောင့်နှေးမှုကြောင့် မလေးရှားမော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးအသင်းချုပ် အသင်းဝင်များ၏ မော်တော်ယာဉ်မော်ဒယ်သစ် စတင်ဖြန့်ချိရောင်းချရေးအတွက် အခက် ကြုံနေရကြောင်း ဆိုသည်။
မလေးရှားမော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးအသင်းချုပ် ဥက္ကဋ္ဌ ဒါတွတ်အိုက်ရှားအာမက်ကပြောဆိုရာတွင် ထိုသို့စောင့်ဆိုင်းရချိန်မှာ ငါးလမှ ခုနစ်လအထိကြာမြင့်နိုင်ကြောင်း၊ အသင်းဝင်များ၏ မော်တော်ယာဉ် မော်ဒယ်သစ်စတင် ဖြန့်ချိရောင်းချနိုင်ရေးအတွက် အခက်ကြုံနေရကြောင်း ဆိုသည်။
မိမိတို့ မလေးရှား မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးအသင်းချုပ် အသင်းဝင်များ၏ အများစုမှာ နှောင့် နှေးမှု သက်ရောက်ခံနေရကြောင်း၊ ကွာလာလမ်ပူ နိုင်ငံတကာမော်တော်ကားပြပွဲ -၂၀၁၈ ကဲ့သို့ ပြပွဲများတွင် ကားသစ်များပြသခဲ့ကြောင်း၊ သို့သော် သက်ဆိုင်ရာအာဏာပိုင်များထံမှ တရားဝင်သတ်မှတ်ဈေးနှုန်းမရသဖြင့် စတင်မရောင်းနိုင်သေးဘဲဖြစ်ရကြောင်း သူမက ဇန်နဝါရီ ၁၈ ရက်တွင် မီဒီယာသို့ပြောဆိုခဲ့သည်။
၎င်းကဆက်လက်ပြောဆိုရာတွင်မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးမှုကော်မတီဟုသိကြသော နိုင်ငံတကာကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ အစိုးရအာဏာပိုင်အဖွဲ့သစ်လက်ထက်တွင် မော်တော်ယာဉ်သစ် ဈေးနှုန်းအတည်ပြုရေးလုပ်ငန်းစဉ်များမှာ ပိုမိုရှုပ်ထွေးလာကြောင်း ဆိုသည်။ အစိုးရ တာဝန်ရှိသူများက နောက်ပြန်ဆွဲနေကြောင်း၊ ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိကြောင်း၊ ကော်မတီဖြင့်ဆုံးဖြတ်သည်ဖြစ်ရာ မော်တော်ကားသစ်ဈေးနှုန်းအတည်ပြုပေးရန်နှေင့်နှေးနေသဖြင့် ကူညီရာမရောက်ကြောင်း၊ ဈေးနှုန်းမသိရသဖြင့် မိမိတို့၏ထုတ်လုပ်ပြီးသားကားသစ်များအားအချိန်မီမရောင်းချနိုင်သောကြောင့် နစ်နာမှုဖြစ်ခဲ့ရကြောင်း ဒါတွတ်အိုက်ရှားအာမက်က ပြောဆိုသည်။

















