ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ နယ်ရှိ ကြံ့ခိုင်မှုအားနည်းကာ ယိုယွင်းပျက်စီးမှု များစတင်ဖြစ်ပေါ်လာသည့် ကျုံစိန်တံတား ကို ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ပြုပြင်ပေးမည်
"ကျုံစိန်တံတားကို လွန်ခဲ့တဲ့ ၈ ရက်က အန်ကယ်ရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရယ်သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒေသခံ ပြည်သူတွေတင်ပြသလို ဒီတံတားက ဟိုတုန်း ကတည်းက တည်ဆောက်ခဲ့တဲ့တံတားပါ။ တော်တော်များများပျက်စီးနေပါတယ်။ တံတား ပေါင်တွေလည်းကျိုးနေတဲ့အပြင် သွားလို့လည်း သိပ်မကောင်းတော့ဘူး၊ ဆိုင်ကယ်သွားတော့ လည်း တိမ်းမှောက်မှုတွေ ခဏခဏဖြစ်နေ တယ်လို့ သိရပါတယ်။ ဒါနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို တင်ပြမှဖြစ်မယ် ဆိုပြီး တင်ပြလိုက်ပါတယ်။ အစိုးရကလည်း ဆောင်ရွက်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။ လမ်းဦးစီးကိုတော့ နှုတ်နဲ့တင်ပြထားပါတယ်" ဟု ဝါးခယ်မမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောဆိုသည်။
တင်ပြမေးမြန်း
ကျုံစိန်တံတား ပြုပြင်တည်ဆောက်ပေးနိုင် မည့်အခြေအနေနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က ဇန်နဝါရီ ၁၅ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် တင်ပြမေးမြန်း ခဲ့သည်။
ဒေသထွက်ကုန်တင်ပို့
ကျုံစိန်သစ်သားတံတားအား ၂၀၁၉–၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် သံကူကွန်ကရစ်တံတားတည်ဆောက် ရန် ဘဏ္ဍာငွေတောင်းခံထားပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက လွှတ်တော်တွင်ဖြေကြား ခဲ့ကြောင်း၊ အဆိုပါတံတားသည် ဝါးခယ်မနှင့် ကျုံမငေးမြို့တို့ရှိ ကျေးရွာ ၁၆ ရွာမှ ပြည်သူ များ မရှိမဖြစ်နေ့စဉ်အသုံးပြု သွားလာနေရသည့် တံတားတစ်စင်းဖြစ်ကြောင်း၊ ယင်းတံတားကို အသုံးပြု၍ ဒေသထွက်ကုန်ပဲအမျိုးမျိုး၊ ကွမ်းသီး၊ ဆန်၊ စပါး၊ ငါးပိ၊ ငါးခြောက် စသည်တို့ကို ရန်ကုန်မြို့နှင့်ဝါးခယ်မမြို့သို့ နေ့စဉ်တင်ပို့ ရောင်းချနေကြရကြောင်း သိရသည်။
တင်ပြခဲ့ဖူး
"ကျွန်တော်တို့ဒေသရဲ့ အသည်းနှလုံးပါပဲ။ ဒီတံတား အခုလိုပျက်စီးတာတွေကို ကျွန်တော် တို့ဆီ မကြာမကြာ လာရောက်ကွင်းဆင်းလေ့ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဒေသမှာ ကွင်းဆင်းတုန်းက တင်ပြခဲ့ဖူးပါတယ်။ အသုံး ပြုမရတော့တဲ့အခြေအနေကနေ အချိန်မီ မဆောင်ရွက်ရင်တော့ ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူတွေအတွက် ဘေးအန္တရာယ် ဖြစ်လာတော့မှာဖြစ်ပါတယ်"ဟု ဝါးခယ်မမြို့ခံ ကိုနိုင်ဝင်းက ပြောဆိုသည်။
















