ဖုန်းအလုံးနှစ်ဆယ်ကျော် လုယက်မှုပေါ်ပေါက်ခဲ့ပြီး ဖုန်းပိုင်ရှင်များ သက်ဆိုင်ရာ ရဲစခန်းသို့ စုံစမ်းနိုင်

ဖုန်းအလုံးနှစ်ဆယ်ကျော် လုယက်မှုပေါ်ပေါက်ခဲ့ပြီး ဖုန်းပိုင်ရှင်များ သက်ဆိုင်ရာ ရဲစခန်းသို့ စုံစမ်းနိုင်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လုယက်မှုများကျူးလွန်ထားကြောင်းသတင်းအရ အမှုဖွင့်စစ်ဆေး ရာမှ လက်ကိုင်ဖုန်း(၂၅)လုံးလုယက်မှုပေါ်ပေါက်ခဲ့ပြီး အမှုတွင်ပါဝင်သူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ယနေ့ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ပစ္စည်းပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ဆက်သွယ်စုံစမ်းနိုင်ရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
 ဖြစ်စဉ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်း (ပ)၃၂/၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၈၂ /ကျင့် ၅၄ အမှုမှ တရားခံ ဝေဖြိုးအောင်(ခ) အောင်ဘု၏ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်နေ ကောင်းထက်ဇော်၊ မျိုးသန့်(ခ)ဟာဇစ်နှင့် ဇော်နိုင်ဦး တို့ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။ 
၄င်းတို့ကိုစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် လက်ကိုင်ဖုန်းမျိုးစုံရှစ်လုံး၊ နိုဝင်ဘာလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လက်ကိုင် ဖုန်းမျိုးစုံခုနစ်လုံး၊ အောက်တိုဘာလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လက်ကိုင်ဖုန်း မျိုးစုံ ကိုးလုံး၊ ဇန်နဝါရီလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လုယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းတို့လုယူခဲ့သည့် လက်ကိုင်ဖုန်းများကို ရောင်းချပေါင်နှံထားသည့်နေရာများမှ ပြန်လည်သိမ်းဆည်းကာ ဆက်လက်အမှုဖွင့်အရေးယူထားသည်။