စတိုးဆိုင်ပိုင်ရှင်မိသားစုတစ်စုနှင့် လူတစ်ဦးကို ပစ်သတ်ခဲ့မှု ပါကစ္စတန်အကြမ်းဖက်တိုက်ဖျက်ရေးရဲများ အဖမ်းခံရ

စတိုးဆိုင်ပိုင်ရှင်မိသားစုတစ်စုနှင့် လူတစ်ဦးကို ပစ်သတ်ခဲ့မှု ပါကစ္စတန်အကြမ်းဖက်တိုက်ဖျက်ရေးရဲများ အဖမ်းခံရ

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲအရာရှိတစ်စုသည် စတိုးဆိုင်ပိုင်ရှင်စုံတွဲတစ်တွဲ၊ ၄င်းတို့၏ ၁၃ နှစ်ရွယ် သမီးနှင့် အခြားလူတစ်ဦးကို ပစ်သတ်ခဲ့မှုဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဇန်နဝါရီ ၁၉ ရက်နှောင်းပိုင်းက အကြမ်းဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ကားတစ်စီးကို ယင်းရဲအရာရှိများက ရပ်တန့်စေခဲ့ပြီး ကားပေါ်ပါသူ မိုဟာမက်ခါလီ၊ ၄င်း၏ဇနီး နဘီလာ၊ ၄င်းတို့၏သမီး အာရီးဘာနှင့် ၄င်းမိသားစု၏မိတ်ဆွေ ဇီးရှန်ဂျာဗက်တို့ကို ပစ်သတ်ခဲ့မှုဖြစ်သည်။ 
ဂျာဗက်သည် အလိုရှိနေသည့် အကြမ်းဖက်သမားတစ်ဦးဖြစ်ပြီး ၄င်းက အခြားသူများကို  အကာအကွယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများက ကနဦးအနေဖြင့် ခုခံထွက်ဆိုခဲ့သည်။
    သေဆုံးသူများ၏ ကျန်ရစ်မိသားစုဝင်များနှင့် မျက်မြင်သက်သေများက ရဲများသည် လူလေးဦးကို သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပြီး ပြစ်မှုကိုဖုံးကွယ်နေကြကြောင်း စွပ်စွဲခဲ့သည်။ 
အရေအတွက်မည်မျှဟု ထုတ်ဖော်ခြင်းမပြုသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲအရာရှိများကို ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။
    ယင်းဖြစ်ရပ်ကြောင့် ဒေသခံများသည် လမ်းပေါ်တွင် သေဆုံးသူများသဏ္ဍာန်ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။