အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု အဆုံးသတ်ရေး အလျှော့အတင်းလုပ်မည့်အစီအစဉ်တစ်ခု ထရမ့်ကမ်းလှမ်း

အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု အဆုံးသတ်ရေး အလျှော့အတင်းလုပ်မည့်အစီအစဉ်တစ်ခု ထရမ့်ကမ်းလှမ်း

နယ်စပ်တံတိုင်းရန်ပုံငွေကိစ္စ အငြင်းပွားမှုကြောင့် အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်နေမှု အဆုံးသတ်ရန် အလျှော့အတင်းလုပ်မည့် အစီအစဉ်တစ်ခုကိုသမ္မတဒေါ်နယ်ထရမ့်က ကမ်းလှမ်းခဲ့သည်။

ဒေါ်လာ ၅ ဒသမ ၇ ဘီလျံရှိသည့် ယင်းရန်ပုံငွေကို ဒီမိုကရက်တစ်တို့ကခွင့်ပြုရန်အတွက် အခြားအငြင်းပွားမှု တစ်ခုဖြစ်သည့် အမေရိကန်သို့ တရားမဝင် ဝင်ရောက်ခဲ့သည့်မိဘများနှင့်အတူပါရှိခဲ့ပြီး အမေရိကန်၌ကြီးပြင်းခဲ့သူ ၇၀ဝ၀ဝ၀ ခန့်အား နှင်ထုတ်ခြင်းမှကာကွယ်သည့် အစီအစဉ်(ဒီအေစီအေ)ကို သုံးနှစ်သက်တမ်းတိုးပေးရန် ထရမ့်က ဇန်နဝါရီ ၁၉ ရက်၌ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ 
သို့သော် ထရမ့် ယင်းသို့ပြောဆိုခြင်းမပြုမီကပင် ယင်းမူဝါဒမျိုးကို လက်မခံနိုင်ကြောင်း ဒီမိုကရက်တစ်တို့ဘက်က ပြောဆိုထားသည်။
    မက္ကဆီကိုနယ်စပ်၌ ထရမ့်တည်ဆောက်လိုသည့်တံတိုင်းအတွက် ရန်ပုံငွေကိစ္စ မပြေလည်မှုကြောင့် ဒီမိုကရက် ကြီးစိုးသည့် အောက်လွှတ်တော်အဆိုပြုဘတ်ဂျက်ကို သမ္မတထရမ့်အတည်မပြု၍ အမေရိကန်အစိုးရအေဂျင်စီအချို့ ရပ်ဆိုင်းနေခဲ့သည်မှာ စံချိန်တင်ကြာမြင့်ခဲ့ပြီဖြစ်ကာ အစိုးရဝန်ထမ်းရှစ်သိန်းခန့်ကိုပါ ထိခိ်ုက်နေသည်။ 
ပြည်ပမှ ဝင်ရောက်သူများကို ကြိုဆိုရာတွင် အမေရိကန်သည် ဂုဏ်ယူဖွယ်သမိုင်းကြောင်းရှိခဲ့သော်လည်း စနစ်သည် ကြာရှည် ဆိုးရွားစွာကျိုးပေါက်နေ၍ တံတိုင်းလိုအပ်ကြောင်းထရမ့်က ၄င်းမူဝါဒဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။
    စစ်နှင့်သဘာဝဘေးကြောင့် ဇာတိစွန့်ခွာပြီး အမေရိကန်တွင် အလုပ်လုပ်ကိုင်ခွင့်(တီပီအက်စ်ဗီဇာ) ရရှိထားသူ သုံးသိန်းကျော်ကိုလည်း ဗီဇာသက်တမ်းတိုးပေးရန် ထရမ့်က ထည့်သွင်း ကမ်းလှမ်းခဲ့သည်။ 
ထရမ့်သည် တီပီအက်စ်ကိုကော ဒီအေစီအေကိုပါ ဖျက်သိမ်းလို၍ ဒီမိုကရက်တို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်။
    သမ္မတထရမ့်၏ကမ်းလှမ်းချက်သည် ၄င်းတို့ ယခင်ပယ်ချထားခဲ့ပြီးသား မူဝါဒများကို ပြန်လည်စုပေါင်းကာ အလျှော့အတင်းလုပ်ခြင်းသာဖြစ်၍ သဘောရိုး မဟုတ်ကြောင်း၊ လက်မခံနိုင်ကြောင်း အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်တစ်ခေါင်းဆောင် နန်စီပဲလိုစီက ပြောဆိုခဲ့သည်။ 
ဇန်နဝါရီ ၁၇ ရက်က ပဲလိုစီ၏ အာဖဂန်နစ္စတန်သွားမည့်ခရီးစဉ်ကို အချိန်ကပ်၍ သမ္မတထရမ့်က စစ်လေယာဉ်အသုံးပြုခွင့် ပယ်ဖျက်ခဲ့သည်။ မြို့ပြလေကြောင်းနှင့်သွားနိုင်ကြောင်း ထရမ့်ကဆိုခဲ့ပြီး ထရမ့်၏ လုပ်ရပ်ကြောင့် ခရီးစဉ်ပေါက်ကြားသွားပြီဖြစ်၍ လုံခြုံရေးအရ ခရီးစဉ်ကိုဖျက်သိမ်းကြောင်း ပဲလိုစီကတုံ့ပြန်ခဲ့သည်။