တတိယအကြိမ်မြောက် အမျိုးသမီးထု ချီတက်ပွဲများ ဝါရှင်တန်နှင့် အမေရိကန်မြို့ကြီးများတွင် ကျင်းပ

တတိယအကြိမ်မြောက် အမျိုးသမီးထု ချီတက်ပွဲများ ဝါရှင်တန်နှင့် အမေရိကန်မြို့ကြီးများတွင် ကျင်းပ

ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုများနှင့် အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်တန့်နေချိန်တွင် သမ္မတဒေါ်နယ်ထရမ့်ကို ရည်ရွယ်သည့် တတိယအကြိမ်မြောက် အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲများကို ဝါရှင်တန်နှင့် အမေရိကန်မြို့ကြီးများတွင် ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့ကြသည်။

ပထမဆုံးအကြိမ် အမျိုးသမီးထုချီတက်ပွဲကို ၂၀၁၇ ခုနှစ်၌ သမ္မတထရမ့် ကျမ်းသစ္စာချိန်ဆိုပြီးချိန်တွင် အင်အားသိန်းချီ ပါဝင်လျက် စတင် ကျင်းပခဲ့သည်။ 
ဝါရှင်တန်၌ ပြုလုပ်သည့် ယင်းချီတက်ပွဲပမာဏက ဗီယက်နမ်စစ်ပွဲကာလ စစ်ဆန့်ကျင်ရေး ချီတက်ပွဲများကို ပြန်အမှတ်ရစရာဖြစ်ခဲ့သည်။
    ဇန်နဝါရီ ၁၉ ရက် ဝါရှင်တန်ချီတက်ပွဲ၌ ဆန္ဒပြအင်အား ၁၀ဝ၀ဝ၀ ခန့်ပါဝင်ပြီး ရာသီဥတုအေးမြနေချိန်မှာပင် ချီတက်သူများသည် ကျား-မ တန်းတူညီမျှရေး၊ သဘာဝဝန်းကျင်အရေးနှင့် ရွှေ့ပြောင်းဝင်ရောက်သူများ အရေးတို့ကို ဆန္ဒဖော်ထုတ်သည့် စာတန်းများ ကိုင်ဆောင်ခဲ့ကြသည်။
     အိမ်ဖြူတော်နှင့်မလှမ်းမကမ်းတွင် ဆန္ဒပြပွဲစီစဉ်သူ အက်ဘီစတိန်းက အမျိုးသမီးချီတက်ပွဲတွင် မတူကွဲပြားသူများလည်း ပါဝင်၍ လှုပ်ရှားမှုကို သွေးခွဲ၍ ဟန့်တားခြင်းမပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။    
ဘုန်းတော်ကြီး လီအာ့ဒေါင်ထရီကလည်း နယ်စပ်မှဝင်ရောက်လာပြီး မိသားစုနှင့်ခွဲခွာခံရသည့်ကလေးများအရေးနှင့် လူတိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး တောင်းဆိုသွားရန် ဟောပြောခဲ့သည်။
    ဆန်ဖရန်စစ္စကို ချီတက်ပွဲတွင် အောက်လွှတ်တော်ဥက္ကဌ နန်စီပဲလိုစီ ပါဝင်ခဲ့ပုံ၊ ၄င်းအား အားပေးကြပုံ ဗွီဒီယိုသည် တွစ်တာ၌ ပြန့်နှံ့ခဲ့သည်။ 
ချီတက်ပွဲကြိုတင်ပြင်ဆင်မှုတွင် အချို့ခေါင်းဆောင်များ၌ ပြဿနာအချို့ရှိခဲ့သည်။ အမျိုးသမီးချီတက်ပွဲ စတင်တည်ထောင်သူတစ်ဦးဖြစ်သည့် တီရီဆာရှော့ခ်သည် ဂျူးဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း စွပ်စွဲခံခဲ့ရသည်။
    ဇန်နဝါရီ ၁၉ ရက် တတိယအကြိမ် အမျိုးသမီးချီတက်ပွဲများကို နယူးယောက်၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ မီချီဂန်နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်များတွင်လည်း ကျင်းပခဲ့ကြသည်။